Author: စေလိုရာ
•5:45 AM
အလင်းအမှောင်ကို ခွဲခွဲခြားခြားမသိနိုင်ရင် ဒီစာရဲ့ဖော်ပြချက်ကို ကောင်းစွာနားလည် နိုင်လိမ့်မည် မဟုတ်ချေ။ အလင်းဆိုတာက လူတွေကိုအကျိုးပြုတာ များပြားလွန်းပါတယ်။ အမှောင်ဆိုတာက လူတွေကို များသောအားဖြင့် ဆိုးကျိုးတွေ ဖြစ်စေနိုင်ပါတယ်။
Comment တစ်ခုမှာ ရေးထားတဲ့ အကြောင်းအရာတစ်ခုသည် လူ့ပတ်ဝန်းကျင်နှင့် ဘ၀င်မကျသောကြောင့် အတွေးအခေါ် မြင့်မြင့်ရှိအောင် ကျွန်တော်ပြောပြချင်ပါတယ်။ သူရေးထားတဲ့ အချက်ကလေး တစ်ချက်ကို ပြောပြရမည်ဆိုရင် (ကျွန်တော်တို့တိုင်းပြည်မှာ အစိမ်းဝတ်တွေနဲ့ ပြည်သူတွေကြားမှာရှိတဲ့ အတားအဆီးက တစ်နေ့တစ်ခြားကြီးထွားလာပြီဆိုတာကို အစ်ကိုတို့လည်း ရိပ်မိမှာပါလေ... ဒါတွေအကုန်လုံးကို နိုင်ငံခြားသတင်းဌာနတွေက လုပ်တယ်လို့ ပြောလို့မရမှန်း သိနိုင်ပါတယ်...) ဆိုတဲ့အချက်ပဲ ဖြစ်ပါတယ်။ ဒီအချက်နဲ့ ပတ်သတ်ပြီး ရှင်းလင်းသွားမှာပါ။ အမြင်ကျယ်ကျယ်နဲ့ အမြင့်ကို ရောက်ရှိတာဟာ အကောင်းဆုံးဖြစ်ပြီး၊ အမြင့်ရောက်ပြီးမှ အမြင်ကျယ်တာဟာ မကောင်းဘူးလို့ ကျွန်တော်တို့ရဲ့ ဆရာတွေအမြဲ ပြောကြားလေ့ရှိတာကို အားလုံး နားလည်စေချင်တဲ့ ရည်ရွယ်ချက်ဖြင့် ရေးသားခြင်းဖြစ်ပါသည်။
အစိမ်းဝတ်တွေဆိုတာ စစ်တပ်ကိုဆိုလိုခြင်းပဲ ဖြစ်ပါသည်။ အစိမ်းရောင် ၀တ်ထားတိုင်း အမြင်မကြည်လင်မှု တွေကိုလျှော့ထားသင့်တယ်။ စစ်တပ်ဆိုတာ ပြည်သူလူထုက ပေါက်ဖွားလာတဲ့ အမျိုးကောင်းသားများနှင့် ကိုယ့်ရဲ့လူမျိုးတွေထဲမှ ဗုဒ္ဓဘာသာဝင်များပဲ ဖြစ်တယ်။ ကျွန်တော်တို့နိုင်ငံမှာ တခြားနိုင်ငံတွေလို နိုင်ငံခြားသား စစ်မှုထမ်းပိုင်ခွင့် မရှိပါဘူး။ ကိုယ့်လူမျိုးတွေပဲ ထမ်းဆောင်ရတဲ့ စစ်တပ်အဖွဲ့အစည်း တစ်ခုပါ။ ဒီအဖွဲ့အစည်းကြီးကို အပြစ်တင်တယ်၊ ဆဲရေးတိုင်းထွား ပြောဆိုခြင်း နှင့် နိုင်ငံတကာသိအောင် မမှန်မကန် သတင်းလွှင့်နေခြင်းသည် ကိုယ့်နိုင်ငံ၊ ကိုယ့်လူမျိုး၊ ကိုယ့်ရေ၊မြေ ကို ဒုက္ခပေးသလို ဖြစ်မနေဘူးလား။
ခင်ဗျားတို့ ပြောနေတဲ့ ဒီစစ်တပ်ကြီး အုပ်ချုပ်တာ ဘာမှမတိုးတက်ဘူးတဲ့။ တိုးတက်ချင်ရင် အားလုံးအသိစိတ် ကောင်းကောင်းလေးတွေ မွေးကြပါလား။ အဝေးကနေ နိုင်ငံမကောင်းကြောင်း အော်နေတဲ့လူတွေထက် နိုင်ငံတော် အကြီးအကဲတွေက နိုင်ငံကောင်းကျိုး ပိုလုပ်နေပါတယ်။ သူတို့ရဲ့ စေတနာတွေ မေတ္တာတွေကို အသိအမှတ်ပြုသင့်ပါတယ်။ မတိုးတက်ဘူးဆိုတာ ခင်ဗျားတို့က နိုင်ငံခြားမှာနေပြီး အပြင်အဆင် အမြင်လန်းမှု တွေနဲ့ အသားကျနေလို့သာ ဖြစ်လိမ့်မယ်။ လမ်းတွေဖောက် တံတားတွေဆောက် ဆည်တွေဆောက်လုပ်ပေး ခဲ့တာ အခုဆိုရင် မရေတွက်နိုင်တော့ပါဘူး။ အဲလိုလမ်းဖောက်မှုတွေမှာ ခင်ဗျားတို့ ပြောတဲ့ အစိမ်းဝတ်တွေ သွေးနဲ့ချွေးနဲ့ ရင်းပြီးလုပ်ဆောင်ခဲ့ရတယ်။ ရထားလမ်းတွေ ဖောက်လုပ်တာဆို အဆိုးဆုံးတွေပဲ…၊ အစိမ်းဝတ်ဆိုတဲ့ စစ်သားတွေက အကျိုးအမြတ်ကို မကြည့်ဘူး။ ပြည်သူတွေအတွက် ကောင်းရာကောင်းကျိုး ဖြစ်သွားရင် ကျွန်တော်တို့ရင်ထဲမှာ ပီတိဗျ။ ပြည်သူတွေမှာလည်း ကိုယ့်မိဘတွေ မိသားစုဝင်တွေ ဆွေးမျိုးတွေ တစ်နယ်ထဲ မောင်နှမသားချင်းတွေ ပါဝင်နေတာကြောင့် ကိုယ့်ပြုတဲ့ကုသိုလ်တရား အတွက်ဂုဏ်ယူမိပါတယ်။ အဲဒီနေရာမှာ အစိမ်းဝတ်တွေကို မကောင်းကြောင်း ပြောတဲ့လူတွေ ခင်ဗျားတို့ ဘာလုပ်ပေးဖူးလဲ…၊ ရထားလမ်း ဖောက်ဖူးသလား၊ တောတောင်တွေကြားမှာ စားနပ်ရိက္ခာ သတ်မှတ်ထားတဲ့ စံချိန်စံညွန်းနဲ့ လမ်းကို ခင်ဗျား ဘယ်နှမိုင်လောက် လျှောက်ဖူးသလဲ၊ ကားလမ်းမပေါက်တဲ့ နေရာတွေမှာ ကျုပ်တို့ခရီးဆက်ခဲ့ တဲ့နေတွေ၊ ညတွေနဲ့ တခါတလေ အားလုံးနဲ့ အဆက်အသွယ် ပြတ်သွားတာမျိုးတွေ ခင်ဗျားတို့ ကြုံဖူးသလား။
ဖုန်းလေးတစ်လုံးကိုင်ပြီး ဟိုဘက်အိမ်နဲ့ ဒီဘက်အိမ် လှမ်းဆက်လို့ မရဘူး။ အော်ခေါ်လို့ မရဘူး။ သံလိုက်အိမ်မြှောင်ကိုသုံး၊ မြေပုံတစ်ချပ်နဲ့ သွားလိုတဲ့အရပ်ကို ခရီးဆက်၊ ရန်သူမြင်ရင် လက်ဦးမှုရယူသွားမှာ မို့လို့ လက်နှိပ်ဓာတ်မီးတောင် ထွန်းလို့မရတဲ့ နေရာမျိုးတွေ၊ လသာတဲ့ညမျိုးမှာ လကိုကြည့်၊ ကြယ်တွေကို ကြည့်ပြီး လမ်းလျှောက်ခဲ့ရတယ်။ ဘေးမှာကချောက်ကမ်းပါး၊ ရုပ်ရှင်ရိုက်နေတာ မဟုတ်ဘူး ပြုတ်ကျ တခါထဲ သေရမှာ၊ ခင်ဗျားတို့ ပတ်ဝန်းကျင်မှာ သေသလို အုတ်ဂူလှလှလေးတွေ အစိမ်းရောင်ဝတ်တဲ့ လူတွေဆီမှာ မရှိဘူး။ သေရမဲ့လူတွေပဲ သေတာကို လာပြောမနေနဲ့လို့ ကျွန်တော်တို့ကို တိုက်ခိုက်ပြောချင် နေပေမဲ့ ခင်ဗျားကိုယ်တိုင်ကိုက အုတ်ဂူလှလှလေးတွေ ရှိတဲ့နေရာကို လိုက်ပို့နေခဲ့ရတာပဲ မဟုတ်လား။ မိုးရွာတဲ့ ညတွေမှာ ဘယ်လိုသွားကြမလဲ၊ သတ်မှတ်ထားတဲ့ နေရာကို အရောက်သွားရမယ် အချိန်အတိုင်းအတာနဲ့ မိုးကလည်း အရမ်းရွာတယ် ခရီးကဆက်လို့ မရတော့ဘူး၊ ရှေ့ကိုဘာမှ မမြင်ရတဲ့ အချိန်မျိုးမှာ တစ်ယောက်တန်း စနစ်ဖြင့် လာရာလမ်းအတိုင်း ထိုင်ပြီးအိပ်ခဲ့ရတယ်။ ရန်သူရဲ့ မိုင်းကွင်းတွေက ရှိသေးတယ်။ ဘယ်ဘက်ကိုတော့ စိတ်ချရတယ် မိုင်းမရှိတဲ့ချောက်နက်ကြီး ဖြစ်နေလို့ ပြုတ်ကျရင်သေမှာ၊ ညာဘက်မှာတော့ တောင်ပဲရှိတယ်။ တစ်ညလုံးမိုးရည်ထဲမှာ ထီးမပါဘူး၊ မြေခင်းစလေးကို ခေါင်းပေါ်တင်၍ ထိုင်ပြီး အိပ်ခဲ့ရတယ်။ ခင်ဗျားတို့ အဲလို လုပ်ဖူးသလား။ ခင်ဗျားတို့ လုပ်ဖူးဖို့ မလိုဘူး၊ စာနာတတ်ဖို့ပဲ လိုတယ်။ ကိုယ်ချင်းစာ တတ်ဖို့ပဲ လိုတယ်။ ကျွန်တော်တို့ အခုလို ပင်ပန်းလို့ ဘယ်တော့မှ အားမငယ်ခဲ့ဘူး။ ရည်ရွယ်ချက်ကို ရောက်အောင် သွားခဲ့တယ်။ လုပ်ငန်းတာဝန်ပြီးဆုံးချိန်မှာ ကျွန်တော်တို့ရဲ့ စိတ်တွေဟာ ထိပ်ဖျားကို ရောက်နေပါတယ်။ ယခုလို စိတ်ဓာတ်တွေ ရှိအောင်လည်း အစိမ်းရောင်ဆိုတဲ့ ယနေ့ခေတ် တပ်မတော်ကြီးကပဲ ပေးခဲ့၍ ဂုဏ်ယူ၍မဆုံးပါဘူး။
နိုင်ငံတော် အကြီးအကဲတွေက ကျွန်တော်တို့ထက်ကို ဆိုးတဲ့ခံစားမှုတွေ၊ တိုက်ပွဲပေါင်းများစွာကို ဖြတ်သန်းပြီးမှ ယခုလို နေရာကို ရောက်နေရတာပါ။ ဒီလိုလုပ်သွားတဲ့ အစိမ်းရောင်ဝတ် စစ်တပ်သာ အနစ်နာခံတာ မဟုတ်ရင် ခင်ဗျားတို့ နိုင်ငံခြားမှာ အ၀တ်စားသန့်သန့်ဝတ်ပြီး အစည်းအဝေးတွေလုပ် အစားကောင်းသောက်ကောင်း စားပြီး ဒီမိုကရေစီပါ ဆိုတဲ့လူတွေကို အနစ်နာခံတယ်လို့ ပြောရမှာလား။ အဲဒီလူတွေကို ဘယ်လိုယုံကြည် ရမှာလဲ။ နှိုင်းယှဉ်ကြည့်ပါ… နိုင်ငံတော်အတွက် ကောင်းကျိုးတွေ အများကြီးလုပ်ပြီးမှ နိုင်ငံအုပ်ချုပ် နေတဲ့အကြီးအကဲ နှင့် နိုင်ငံခြားမှာနေပြီး ဒီမိုကရေစီ လုပ်ငန်း လုပ်နေတဲ့လူ ဘယ်သူ့ကို ပြည်သူတစ်ယောက် အနေနဲ့ ထောက်ခံသင့်သလဲ။ အားပေးသင့်သလဲ၊ ကူညီသင့်သလဲ၊ ဒါတွေကို ပြည်သူတွေရဲ့ ရင်ထဲမှာ ရှိနေလို့ ခင်ဗျားတို့ အခုချိန်ထိ အရင်အတိုင်း လမ်းဟောင်းမှာပဲ ကျန်နေခဲ့ရတာပေါ့။ ဒီလူတွေကို နိုင်ငံတော်ကြီး ပုံအပ်ရမှာလား။ ဝေးသေးတယ်…။ တိုင်းပြည်ကြီး မတိုးတက်ဘူး အော်နေတဲ့ လူတွေထဲက လူတစ်ယောက်ကို သမ္မတခန့် အပ်လိုက်မယ်။ ခင်ဗျားတို့ ပြောတဲ့ဒီမိုကရေစီပေါ့၊ နိုင်ငံကြီး တိုးတက်အောင် ဘာတွေလုပ်မလဲ… လေးနှစ်ဆိုတဲ့ အတိုင်းတာဟာ သမ္မတသက်တမ်းပဲ၊ လေးနှစ်အတွင်း ခင်ဗျားအကောင်အထည် ဖော်ဖို့လွယ်ကူသလား၊ ကိုယ်လည်းမလုပ်နိုင်ဘူး၊ လုပ်နေတဲ့လူတွေကိုလည်း အပြစ်ပြောတယ်၊ ကျွန်တော်ကတော့ မမြင်ဘူး၊ ဥပမာ-ခင်ဗျားတို့ နိုင်ငံတော်အကြီးအကဲ ဖြစ်ပြီး ပြုတ်သွားရင်လည်း နောက်တက်လာမဲ့ သူကိုလည်း အခုလိုပဲ ပြစ်တင်ရှုတ်ချနေဦးမှာပဲ။
ခင်ဗျားတို့ ဒီလိုနိုင်ငံအတွက် အနစ်နာမခံချင်လို့ ကိုယ့်အတွက်သာကြည့်ပြီး ပြည်ပမှာ မှီတင်းနေထိုင်ပြီး နိုင်ငံမကောင်းကြောင်း ထိုင်အော်နေတာ မဟုတ်လား။ ခင်ဗျားတို့မှာ ကိုယ်ချင်းစာတရား မရှိဘူးလား။ ခင်ဗျားပြောတော့ ဗုဒ္ဓဘာသာဆို၊ မကျေနပ်ရင်တောင် တကယ်လုပ်နေတဲ့ လူတွေကိုတော့ ခင်ဗျားအပြစ် မပြောသင့်ပါဘူး။ ကျွန်တော်တို့ အနစ်နာခံနေတာ တိုင်းပြည်နဲ့ ပြည်သူတွေ အတွက်ပဲ။ စစ်တပ်ထဲ ၀င်လို့ချမ်းသာတာ မဟုတ်ဘူး။ ကျွန်တော်တို့မှာ ချမ်းသာတာဆိုလို့ လျှောက်နေရတဲ့ မိုင်တိုင်တွေ၊ တာဝန်တွေ၊ ပြည်သူအတွက် ပေးထားတဲ့အသက်၊ သွေး၊ချွေးတွေပဲ ဖြစ်ပါတယ်။ တိုက်ပွဲမှာ ပြည်သူတွေရဲ့ ပို့သတဲ့မေတ္တာတွေကြောင့် အသက်ဘေးမှ လွတ်ခဲ့ရကြိမ်ပေါင်း များလို့ အသက်တွေချမ်းသာ နေတာပါ။ ချမ်းသာချင်လို့ စစ်တပ်ထဲ ၀င်လာတာ မဟုတ်ဘူး။ စိတ်ကူးလည်း ကျွန်တော်တို့မှာ မရှိဘူး။ အိမ်ဆိုတာ ကျွန်တော်တို့မှာ မရှိဘူး။ ရောက်နေတဲ့ နေရာဟာ အစိမ်းရောင် ၀တ်တွေရဲ့ အိမ်ပဲဖြစ်တယ်။ ကျွန်တော်တို့နေခဲ့တဲ့ အိမ်သည် ခဏတစ်ဖြုတ် ၀င်တည်ခိုရာ ဧည့်ဂေဟာသာ ဖြစ်သည် ဆိုတဲ့ ဆိုဒ်ဘုတ်ပဲ ပိုင်ဆိုင်တယ်။ ဘယ်အလုပ်မဆို ဂုဏ်ရှိတယ်၊ စစ်သားဆိုတာ ပိုတောင် ဂုဏ်ရှိသေးတယ်။ စနစ်တကျ တည်ဆောက်ထားတဲ့ နိုင်ငံတော် ကာကွယ်ရေးအဖွဲ့အစည်း တစ်ခုကို လွယ်လွယ်နဲ့ ဖြိုခွဲဖို့ မလွယ်ဘူး။ သူခိုးနဲ့ ပိုင်ရှင်နဲ့ အကွာကြီးပါ။ ခိုးတဲ့လူတွေသာ ကြောက်နေရတာ ဟိုပြေးဒီပြေးနဲ့ ပိုင်ရှင်ဆိုတာက အဲဒီသူခိုးကို ဖမ်းဖို့စောင့်နေတာပါ။ ဒီထက်ပိုဆိုးလာရင် ဖမ်းဝရမ်းထုတ်ပြီး ဖမ်းရုံပဲ။ အပေါ်မှာ ပြောခဲ့တဲ့ အလင်းနဲ့အမှောင်ဆိုတာလည်း ဒီသဘောပဲ။
နိုင်ငံတော်အစိုးရက မမှန်ကန်ခဲ့ဘူး ဆိုရင် အခုချိန်မှာ ကမ္ဘာ့ကုလသမ္မဂက ၀င်ရောက် စွက်ဖက်နေတာ ကြာပေါ့။ စစ်တပ်တောင် ပြာကျနေလောက်ပြီး။ လူ့အခွင့်အရေး ချိုးဖောက်တာ မှန်နေရင် ကျွန်တော်တို့လို နိုင်ငံသေးသေးလေးကို ကမ္ဘာ့ကုလသမ္မဂက တရားသောနည်းဖြင့် အုပ်ချုပ်နေလောက်ပြီး။ အခြေအမြစ်မရှိတဲ့ စကားလုံးတွေနဲ့ ပါးစပ်ကထွက်တာ လျှောက်ပြောမနေစမ်းပါနဲ့…။ သေချာစဉ်းစားပြီးမှ လာပြောကြပါ။ ဒီအချက်မှာ ခင်ဗျားတို့ အနေဖြင့် ပြောစရာတစ်ခုရှိတယ်၊ မှန်တယ်ဆိုရင် စက်တင်ဘာမှ ဘာလို့ဘုန်းကြီးတွေကို သတ်ရတာလဲ…? ထိုအချက်ကိုလည်း သေချာစွာ ရှင်းပြနိုင်တယ်။ တာဝန်ထမ်းဆောင် နေသော နိုင်ငံဝန်ထမ်း တစ်ယောက် အနေဖြင့် နိုင်ငံကိုပျက်စီးအောင် မငြိမ်မသက် ဖြစ်အောင်လုပ်ဆောင် နေတာကို လက်ပိုက်ကြည့်လို့ မရနိုင်ပါ။ ကျွန်တော့်အနေနဲ့ကတော့ မျက်နှာမလိုက်ပါဘူး။ အားလုံးကို အပြစ်ရှိတဲ့ အတိုင်းလုပ်ရမှာပဲ။ နိုင်ငံတိုင်းမှာလဲ ဒီအတိုင်းပါပဲ။ တခြားနိုင်ငံတွေမှာက ဘာသာရေးကို အကြောင်းပြပြီး နိုင်ငံရဲ့အာဏာကို ကမောက်ကမ ဖြစ်အောင်လုပ်တာ ရှားပါးလွန်းပါတယ်။
ဗုဒ္ဓဘာသာနိုင်ငံမှာ စစ်မှုထမ်းတွေ အားလုံး ဗုဒ္ဓဘာသာတွေဖြစ်တယ်။ အကယ်၍ ယခင်ယခင် လက်ထက်တွေ ဘုန်းကြီးတွေကို စစ်တပ်က မကြည်ညိုပဲ မကိုးကွယ်ပဲ နေခဲ့တာဆိုရင် ယခုလို ဆန္ဒပြနိုင်တယ်။ ကျွန်တော်တို့ အသိပဲ ဘုန်းကြီးကျောင်းတွေ ဘုန်းဘုန်းတွေကို ဘယ်လိုမျိုး ကြည်ညိုခဲ့သလဲ ဆိုတာ မေးစရာမလိုပါဘူး။ ကျွန်တော်တို့ ငယ်ငယ်လေးကတည်းက မြင်ဖူးနေပါတယ်။ ဒါကိုမှမထောက် ကိုယ်လုပ်ချင်တာ လုပ်လာတဲ့ လူတွေကို အစိမ်းရောင်ဝတ်တွေက လုပ်သင့်လုပ်ထိုက်တာကို လုပ်ဆောင်ခဲ့ရတာပါ။ အစိမ်းရောင်ဝတ် သောသူတွေက တာဝန်ထမ်းဆောင်ချိန်မှာ တာဝန်နှောက်ယှက်မှု နိုင်ငံတော်ဆူပူမှု ဦးဆောင်သူတွေ နားလည်မှုမရှိပဲ အခက်တွေ့အောင် လုပ်ဆောင်သူတွေကို နိုင်ငံတော်ရဲ့ အမိန့်အရ တာဝန်အတိုင်း လုပ်ဆောင်ပိုင်ခွင့် ရှိပါတယ်။
ဗုဒ္ဓဘာသာ တစ်ယောက်အနေနဲ့ ဘာလို့ဘုန်းကြီးတွေကို ပစ်သတ်တာလဲ… အဲဒီမှာ ပြည်သူတွေက အယုံအကြည် ကင်းမဲ့မသွားဘူးလားတဲ့… ကင်းမဲ့သွားစရာ မလိုပါဘူး။ ဘုန်းကြီးဝိနည်းနဲ့ နေရင်သေစရာ လည်းမလိုဘူး၊ ၀ိနည်းနဲ့အညီ ကျင့်ကြံနေတဲ့ ဘုန်းကြီးကိုလည်း ဘယ်စစ်တပ်ကမှ ဘုန်းကြီးကျောင်းထဲ ၀င်ပြီးပစ်မသတ်ဘူး။ လမ်းမပေါ်မှာ မေတ္တာရပ်ခံခြင်းကို မကျေမနပ်ဖြစ်၊ ပစ်တော့ထွက်ပြေး၊ ကျောင်းအတွင်းမှာ ရှိတဲ့ သိက္ခာရှိတဲ့ ဘုန်းကြီးတွေကိုပါ ဒုက္ခပေးဆောင်ကြတာပဲ မဟုတ်လားဗျာ။ အစိမ်းရောင်ဝတ်တွေက ဘုန်းကြီးတွေကို မေတ္တာရပ်ခံပါတယ်။ အစိမ်းရောင်ဝတ်တွေမှာ လုပ်နိုင်တဲ့ ဂါရ၀တရားကို ဖော်ထုတ်ပြပါတယ်။ ဘုန်းဘုန်းများ ရှေ့သို့မတိုးပါနဲ့ အရှင်ဘုရားတို့ ဒီထက်ဆိုးလာရင် တပည့်တော်တို့ နိုင်ငံတော်တာဝန်အရ လုပ်ဆောင်ရပါတော့မည် ဟု ပြောဆိုပြီးချိန် တွင် စစ်တပ်မှ တပ်မတော်သားများနှင့် ရဲဘက်ဝန်ထမ်းများ အားလုံး ထိုင်ကန်တော့ပါတယ်။ ထို့နောက်တွင် ဖြစ်လာတဲ့ ကိစ္စအ၀၀သည် မည်သူတွေဘက်မှ လွန်လာမည်နည်း…။ ဒီအချိန်မှာ ဘုန်းကြီးအစစ်အမှန်ဆိုရင် နားလည်ပါတယ်။ ခွင့်လွတ်စိတ်၊ သနားစိတ်၊ တရားဖြင့်အေးချမ်းရာကို သွားကြမှာပဲ။ ဘုန်းကြီးအတုတွေကသာ ရှေ့ဆုံးက ဦးဆောင်လာတာပါ… ဒီကြားထဲမှာ ရောပြီးပါလာတဲ့ လူတွေရှိပါတယ်။ သူတို့စိတ်ထင် ဘုန်ကြီးတွေနဲ့ ပေါင်းထားတယ်။ ကတုံးတုန်းပြီး သင်္ဃန်းချုံထားတဲ့ ဘုန်းကြီးယောင်ဆောင် နိုင်ငံရေးသမားတွေကို လွတ်ပေးရမှာလား။ အဲဒီလူတွေက ဘုန်းကြီးတွေ သိက္ခာကို ချသွားကြတာ…။ မေတ္တာရပ်ခံတာလောက် အေးချမ်းတာ ဘာရှိမလဲ…။ ဗုဒ္ဓဘာသာတွေပဲ မေတ္တာတရားကို နားလည်ကြမှာပါ။ ဇွတ်ရှေ့တိုးလာတော့ နိုင်ငံတော်တာဝန်အတိုင်း အစိမ်းရောင်ဝတ်တွေ ဆောင်ရွက်ခဲ့ရတာပါ။ ကဲ…မိုးပေါ် ထောင်ပစ်တာလား တည့်တည့်ပစ်လိုက်တာလား ဆိုတာကတော့ ဂျပန်သတင်းထောက် တစ်ယောက် ပွဲချင်းပြီး သေဆုံးသွားတယ်။ နောက်ဆုံး သာသနာထိန်းသိမ်းရေး အဖွဲ့အစည်းက ထိန်းသိမ်းတာတောင် မရတော့တဲ့ အဆင့်ရောက်လာတယ်လေ။ ဒါဟာ နိုင်ငံရေး ရောယှက်မှုတွေနဲ့ ဦးဆောင်သူတွေ မြှောက်ပင့်သူတွေမှာ နိုင်ငံရေးသမားတွေ ပါလာလို့ပဲ မဟုတ်လား။ ကျွန်တော်တို့ တောမှာဆိုရင် ဘာမှမလုပ်ဘူး။ ကျွန်တော်တို့ စစ်တပ်ထဲဆို ဘုန်းဘုန်းတွေ ဆွမ်းလာခံတယ်။ ကလေးသူငယ်တွေကို အမြဲတမ်း ဆုံးမတယ်။ တရားပွဲတွေ လုပ်ပေးကြတယ်။ ကျွန်တော်တို့ တပ်တွေက ကုသိုလ်တရား အားလုံး ဘုန်းကြီးကျောင်းတွေမှာ လုပ်တယ်။ ဆန္ဒပြမှု့အများဆုံး ဖြစ်တာမြို့ကြီး၊ ပြကြီး တွေပါပဲ… မြို့အတွင်းမှာ စစ်တပ် မရှိတော့ စစ်သားတွေရဲ့ ဘ၀ကို နားလည်မှု မပေးနိုင်ကြဘူး။ ကျွန်တော်တို့ နယ်တွေမှာတော့ တပ်မတော်နှင့် ပြည်သူ စည်းစည်းလုံးလုံးပဲ ပြည်သူတွေက ကျွန်တော်တို့ ဘ၀တွေကို နားလည်စာနာတယ်။ ကျွန်တော်တို့ ရှေ့တန်းက ပြန်ဝင်လာပြီးဆိုရင် လမ်းမှာ ကြိုနေတဲ့ ပြည်သူတွေ သက်သေပဲ မဟုတ်လား…။ ခင်ဗျားတို့ အဲလိုခံစားဖူးသလား။ ဒါတွေဟာ ကျွန်တော်တို့တစ်တွေကို ပြည်သူတွေက ပေးနေတဲ့ ခွန်အားတွေပဲ မဟုတ်လား…။ ဒါကြောင့် ခင်ဗျားတို့တတွေဟာ ပြည်သူနဲ့အဝေး နိုင်ငံရဲ့အဝေးကို ရောက်ရှိသွားရတာပါပဲ။
စိတ်မကောင်းဆုံးအချက် တစ်ချက်ရှိတယ်… အင်တာနက် စာမျက်နှာမှာ တင်ထားတဲ့ ဓာတ်ပုံတွေပါ ထိပ်ဆုံးမှာ ဘုန်းကြီးတွေ ဆန္ဒပြနေတဲ့ပုံတွေ ရှိတဲ့ ဘလော့ပဲ ဖြစ်ပါတယ်။ အမှားသရုပ်ပြတွေပါ… မြတ်စွာဘုရားရဲ့ သားတော်တွေကို ယခုလို ပုံစံမျိုးနဲ့ မြင်ရဖို့မှ မဟုတ်တာ ဆရာတော်တရားတွေထဲမှာ နာရတာတော့… ၀ါကျွတ်ပြီး ရဟန်းတွေ တောထွက်ကြတဲ့၊ မြတ်စွာဘုရားကလည်း ဒီအတိုင်းဟောကြားခဲ့ပါတယ်။ မြန်မာနိုင်ငံကို ပုတ်ခတ်ပြီး ရေးချင်ရေးပါ ဗုဒ္ဓဘာသာ သိက္ခာကျအောင် ဘုန်းကြီးပုံတွေ တင်ပြီးမဟုတ်တာတွေ ရေးနေတဲ့လူတွေ ရှောင်ကျဉ်ကြပါ။ ဒီလိုလူတွေကို လက်မခံသင့်ပါဘူး၊ အခုဟာက ရဟန်းတွေက ၀ိနည်းနဲ့နေနေတာ အခြားသော ရဟန်းတွေကို ဒီဓာတ်ပုံတွေက အမှားသရုပ်ပြနေပါတယ်။ ဘုန်းကြီးတွေကို ခုတုံးလုပ်ပြီး အောက်ကစာမျက်နှာတွေမှာ မကျေနပ်ချက်တွေနဲ့ အကောင်းမမြင်တဲ့ စာတွေပဲ အမြဲတမ်းတွေ့နေ မြင်နေရတာ စိတ်မကောင်းဖြစ်မိပါတယ်။ ပြင်နိုင်တာတွေကို ပြင်သင့်ပါတယ်။ တောထွက်ရမဲ့အစား ခင်ဗျားတို့ တင်ထားတဲ့ ဓာတ်ပုံတွေက ရန်ကုန်မြို့ အလယ်ခေါင်မှာ ဖြစ်နေတယ်။ မသင့်တော်တဲ့ အမြင်တွေကို ဘာလို့ဘလော့ထိပ်ဆုံးမှာ တင်ပြီးအရှက်ယူ နေရတာတုန်းဗျာ…။ ဒါကျွန်တော်တို့ ဗုဒ္ဓဘာသာကို စနစ်တကျ နာမည်ဖျက်နေကြတာပါ… တခြားဘာသာဝင်တွေ ကျွန်တော်တို့ ဗုဒ္ဓဘာသာကို တိုက်ခိုက်နေတာလည်း ဒီအချက်တွေနဲ့ ယခုလိုမဟုတ်မမှန် တင်ပြထားတဲ့ ဂုဏ်မယူသင့်တဲ့ အများမတင့်တယ်တဲ့ လုပ်ရပ်တွေကြောင့်ပဲ ဖြစ်ပါတယ်။ ဒီလိုဘလော့တွေ ရှိနေတယ်ဆိုတာ လူတိုင်းသိအောင် ဖော်ပြခြင်း ဖြစ်ပါတယ်။
နောက်တစ်ချက်က နိုင်ငံတိုင်းမှာ အခွန်ကောက်ခံခြင်းဆိုတာ ရှိပါတယ်။ အခွန်နဲ့ ပတ်သတ်ရင် အင်္ဂလန်ကိုတော့ မမှီနိုင်ပါဘူး။ ဒီအခွန်ပေးဆောင်ခြင်းကို ဘာလို့အမြင်စောင်းနေကြတာလဲ။ နိုင်ငံရပ်ခြားမှာ ရောက်နေတဲ့ ပညာတော်သင်လို့ အမည်တပ်နေတဲ့ ခင်ဗျားတို့ ကျွန်တော်တို့တတွေ ကျောင်းအပ်တဲ့ အချိန်မှာ ကျောင်းလခပေးဆောင် ရတာပဲလေ။ ဒါရော အခွန်သဘောပဲ မဟုတ်လား။ နိုင်ငံခြားမှာ မြန်မာငွေ သိန်းပေါင်းများစွာ ပေးပြီးခင်ဗျားတို့ ကျောင်းလခ တစ်လခြင်း ပေးဆောင်နိုင်သေးတာပဲ။ ကိုယ့်မြန်မာနိုင်ငံ အတွက် နိုင်ငံတော်တာဝန် ထမ်းဆောင်နေတဲ့ ၀န်ထမ်းတွေအတွက် ပေးဆောင်ရမည့် ငွေပမာဏကို ဘာကြောင့် နှမြောတွန့်တို နေကြရတာလဲ။ အဲဒီငွေသည် ခင်ဗျားတို့ ကျောင်းအပ်တဲ့လခနဲ့ အစပေါင်းများစွာ ကွာခြားနေလိမ့်မယ်။ တစ်ချို့သော သူများသည် မိဘချမ်းသာမှုကြောင့် နိုင်ငံခြားမှာ ကျောင်းတက်ကြတယ်။ မြန်မာနိုင်ငံက မိဘတွေက ကုန်ကျစရိတ်ကို ထုတ်ပေးကြတယ်။ မထုတ်ပေးဘူး မထင်ပါနဲ့ ထုတ်ပေးတဲ့လူတွေ ရှိရင် ဒီဘလော့ကို ဖတ်မိတဲ့အခါ သူတို့နားလည်ကြမှာပါ။ ဒါကြောင့် သူများနိုင်ငံကို ပေးဆောင်နေရသော ငွေကြေးမြောက်များစွာထက် မြန်မာနိုင်ငံအတွက် ပေးဆောင်ရသည့် ငွေကြေးပမာဏ အနည်းငယ်ကို အပြစ်ပြောသင့် မပြောသင့်ဆိုတာ စဉ်းစားစရာ ဖြစ်လာလိမ့်မယ်။
ခင်ဗျားတို့ပြောတဲ့ အစိမ်းရောင် ၀တ်တဲ့စစ်တပ်က အခွန်တွေကို သူတို့မပေးရတိုင်း ကောက်ခံနေပါသည်။ ဒါကိုလည်း နိုင်ငံခြားသတင်း ဌာနတွေကို ရောက်အောင်မပို့ဘူးလို့ ပြောနေကြတယ်။ ဒီသတင်းကို လုံးဝကန့်ကွက်ပါတယ်။ ခင်ဗျားတို့ နည်းမျိုးစုံနဲ့ နိုင်ငံတကာက လူတွေကို အကူအညီတောင်းခံ နေတာကျတော့ ဘယ်နားမှာသွားထားမလဲ။ ကျွန်တော်တို့ မြင်ထားတဲ့ မြင်ကွင်းတွေနဲ့ ခင်ဗျားတို့ ဂုဏ်ယူပြီး တင်ပြထားတဲ့ ဓာတ်ပုံတွေ၊ ဗွီဒီယို မှတ်တမ်းတွေက နိုင်ငံခြားသတင်း ဌာနတွေက လုပ်တယ်လို့ ပြောလို့ မရနိုင်ပါဘူး ဆိုတော့ မည်သူတွေက လုပ်နေမှာလဲ…။ ဆက်ပြောပါအုံးမယ်…. သက်ဆိုင်တဲ့ နိုင်ငံခြားသံရုံးရှေ့ မှာကိုယ့်နိုင်ငံ သိက္ခာကျအောင် အမြဲတမ်း ပုံပျက်ပန်းပျက် ဆန္ဒပြနေတာတွေက တစ်ကမ္ဘာလုံးကို ပြသတာ မဟုတ်လို့… အင်္ဂါဂြိုလ်ကို ပြသနေတာလား…။ youtube မှာအကုန်တင်ထားပါတယ်။ စိတ်ဓာတ်တွေနဲ့ လုပ်ရပ်တွေကို ကြည့်ရှုနိုင်ပါတယ်။
မြန်မာနိုင်ငံရေးနဲ့ ပတ်သတ်လို့ အမြဲတမ်း ဖော်ထုတ်နေတဲ့ ဆိုဒ်တွေ၊ သတင်းဌာနတွေ အများကြီးရှိနေပါတယ်။ ကောင်းတာလုပ်လုပ်၊ မကောင်းတာလုပ်လုပ် အားလုံးကို အမြဲတမ်း အပြစ်ပြောဖို့ ထိုင်စောင့်နေတဲ့ သတင်းဌာနတွေ အများကြီး ရှိပါတယ်။ ခင်ဗျားအနေနဲ့ ဒါတွေကို မသိလို့ Comment ပေးသွားတယ်လို့ပဲ သတ်မှတ်ပေးပါ့မယ်။ တကယ်တော့ ကိုယ့်လူမျိုးအချင်းချင်း၊ ကိုယ့်နိုင်ငံအတွင်း အလှတရားတွေနဲ့ သယံဇာတတွေကို ဖော်ထုတ်ပြီး အကောင်းရေးတဲ့ လူတွေဆိုတာ မရှိသလောက် ရှားပါးနေပါပြီး။ ဒါဟာ ၀မ်းနည်းစရာ ကောင်းလွန်းပါတယ်။ အင်တာနက် စာမျက်နှာမှာ မြန်မာနိုင်ငံက မကောင်းတဲ့သတင်းတွေ အစာရေစာငတ်ပြတ်တဲ့ နေရာတွေ လူတွေကို အင်တာဗျူးလုပ်၊ ဓာတ်ပုံတွေ ယူပြီး ဘယ်နေရာမှာတော့ အခုလိုသနားကောင်းနေပါတယ်လို့ ကမ္ဘာ့ကုလသမ္မဂ သိအောင် ဖော်ပြနေခြင်းပဲ မဟုတ်လားဗျာ…။ အဆိုးနဲ့အကောင်းဆိုတာ နေရာတိုင်းမှာ အမြဲတမ်း ဒွန်တွဲနေပါတယ်။ အပြစ်ပဲ မြင်တတ်တဲ့ လူအနေနဲ့ အကောင်းမြင်ဖို့ တော်တော်ကို ပြုပြင်ရလိမ့်မယ်လို့ ထင်ပါတယ်။
အခွန်ကိစ္စနဲ့ပတ်သတ်ပြီး ထပ်ပြောချင်တာက ပြည်သူထဲက ပေါက်ဖွားလာတဲ့ ကျွန်တော်တို့ စစ်မှုထမ်းတွေသည် အလုပ်မလုပ်ပဲ လစာထိုင်စားခဲ့တာ မဟုတ်ပါဘူး။ ခင်ဗျားတို့ ကျွန်တော်တို့ မမွေးခင်ကတည်းက တိုင်းပြည်မှာ စစ်တပ်ဆိုတာ ရှိနေပါတယ်။ တိုင်းပြည်ကြီး ငြိမ်းချမ်းဖို့အတွက် အသက်သွေးချွေးပေါင်းများစွာ ရင်းနှီမြှပ်နှံခဲ့ပြီးပါပြီ။ ဒါကိုအားလုံး နားလည်ကြမှာပါ။ ကျွန်တော်တို့ နယ်ဘက်တွေမှာ စစ်တပ်ကို လေးစားသမှုရှိကြတယ်။ ဒါဟာ အရမ်းကို လှိုက်လှဲပြူးဌာမှု ရှိတယ်လို့ ပြောရမှာပါ။ ကျွန်တော်တို့ဘက်ကလည်း ဒီလိုပြည်သူတွေကို အပြန်အလှန် လေးစားမှု ရှိပြီးသားပါ။ အခုချိန် ကျွန်တော်တို့ စစ်တပ်ထဲမှာ မရှိခဲ့ရင်လည်း ဒီစကားပဲ ပြောရမှာပါပဲ။ အပြန်အလှန် လေးစားမှုဆိုတာက လူ့ပတ်ဝန်းကျင်မှာ ရှိသင့်တဲ့ ကိစ္စတစ်ရပ်ပါ။ လူတွေက ခေါင်းစဉ်တွေတပ် ဘောင်တွေခတ်ပြီး အခုလိုလာပြောသွားတဲ့ အစိမ်းရောင် ၀တ်တဲ့စစ်တပ်နဲ့ ပြည်သူကြား ဆိုပြီး သွေးခွဲချင်တဲ့ စိတ်တွေက လုံးဝလုံးဝ မကောင်းတဲ့ အခြေမှာဘိလပ်မြေ မပါပဲ တည်ဆောက်ထားတဲ့ တိုက်အိမ်တစ်လုံးလိုပဲ ရေရှည်တည်တံ့ခိုင်မြဲဖို့ မလွယ်ကူတဲ့ ကိစ္စတစ်ရပ်ပါပဲ။
တိုင်းပြည်မှာ စစ်မှုထမ်းဆောင်နေတဲ့ လူတွေအားလုံးရဲ့ မိသားစုဝင်တွေသည် မြန်မာနိုင်ငံမှ ပြည်သူတွေပဲ ဖြစ်တယ်၊ သူတို့လည်း အခွန်ပေးဆောင် နေရပါတယ်။ ခင်ဗျားတို့ပဲ ပေးဆောင်နေရတယ် ထင်ပြီး၊ ဒီလူတွေ ငါတို့ပေးဆောင်ရတဲ့ ငွေတွေနဲ့ လုပ်ချင်တိုင်း လုပ်နေတာ မဟုတ်သလို၊ အိမ်မှာနေရင် မိဘက မုန့်ဖိုးပေးပါတယ်။ ခင်ဗျားအလုပ်လုပ်တဲ့ အချိန်မှာတော့ လုပ်အားခဆိုတာ ရှိလာပါတယ်။ ဒါက သတ်မှတ်ချက် တစ်ခုပါပဲ… ရသင့်ရထိုက်ပါတယ်။ ခင်ဗျားအိမ်မှာ ထိုင်နေပြီး အိမ်ကလခပေးဖို့ အစီစဉ် ရှိမှာမဟုတ်ဘူး။ ခင်ဗျားသာ မိဘဖြစ်ခဲ့ရင် အလုပ်မလုပ်တဲ့ လူတစ်ယောက်၊ အဖွဲ့အစည်းတစ်ခုကို လခပေးထားမလား။ အလုပ်လုပ်မှ လုပ်အားခ ဆိုတာဖြစ်လာမှာပါ။ အလုပ်လုပ်မှ ရတဲ့ လုပ်အားခကိုပဲ ကျွန်တော်လိုချင်တယ်။ အစိမ်းပဲဝတ်ဝတ် ဘာအရောင်ပဲဝတ်ဝတ် အရောင်တွေက အဓိကမဟုတ်ဘူး လုပ်နေတဲ့ အလုပ်ကသာ အဓိက၊ ထားရှိတဲ့ စိတ်ထားတွေက အဓိက၊ ကြိုးစားအားထုတ်မှုတွေက အဓိကတွေပါ။ ဒီအပေါ်က ကျရောက်လာတဲ့ ခံစားခွင့်တွေကို သူပြန်ရရှိတာ ဘယ်လောက် အဓိပ္ပာယ်ရှိသလဲ။ ဘယ်လောက် အကျိုးရှိသလဲ…။ ခင်ဗျား အခုနိုင်ငံခြားမှာနေတယ်… ခင်ဗျားရသင့်တဲ့ လခကိုမပေးပဲ သိမ်းထားရင် ကြိုက်မလား စဉ်းစားကြည့်။ ဒါမှမဟုတ် မင်းရနေတဲ့ ပိုက်ဆံတွေက ငါတို့ရဲ့မျက်ရည်တွေပါလို့ ပြောရင် ခင်ဗျားကျေနပ်ပြီး နေနိုင်မလား။ နှုတ်သီးခေါင်းရှားပါးနဲ့ ကျွန်တော့်ကို ချက်ချင်းရန်တွေ့မှာ သေချာတယ် ဒါငါ့ရဲ့ရသင့်ရထိုက်တဲ့ အခွင့်အရေးကွ ဟုပြောဆိုပြီး ရန်ရှာနေမှာ အမှန်ပင်တည်း။
နောက်ဆုံးပြောချင်တာက ခင်ဗျားတို့ မကျေနပ်ရင်လည်း အကြောင်းမဟုတ်ပါဘူး၊ ပြည်သူတွေ ကြည်ညိုလေးစားရတဲ့ ဘုန်းကြီးတွေ ဆန္ဒပြတဲ့ ပုံတွေတင်ပြီး ခုတုံးမလုပ်ဖို့ အကြုံပြုချင်ပါတယ်။ နိုင်ငံရေးမှာ ဘာသာရေးတွေ မရောယှက်စေဖို့ ကျွန်တော်တို့ပြည်သူတွေမှာ တာဝန်ရှိနေကြောင်း၊ အထူးသဖြင့် အများအမြင်မှာ မတင့်တယ်သည့် ကိစ္စရပ်များနှင့် သာသနာထိန်းသိမ်းရေး အဖွဲ့မှတားမြစ်ချက်တွေကို ခင်ဗျားတို့ နိုင်ငံရေးကိစ္စတွေနဲ့ ဘုန်းဘုန်းတွေကို အခက်တွေ့စေရန် မလုပ်မိစေဖို့ ပြောချင်ပါတယ်။
အရေးအကြီးဆုံးကတော့ ခင်ဗျားတို့ လာပြောသွားတဲ့ Comment ကို တာဝန်ယူပါ။ ခင်ဗျားတို့ အမြင်တွေ လွဲမှားနေကြောင်းကို ပြန်လည်ရှင်းပြ ပေးထားပါတယ်။ အခွန်ကိစ္စကို နားလည်စေချင်တယ်။ အစိမ်းရောင်ဝတ် ထားတဲ့ တပ်မတော်သားတွေရဲ့ ဘ၀ကို နားလည်စေဖို့၊ ပြည်သူနဲ့တပ်မတော် ပူးပေါင်းဆောင်ရွက်မှုကို မလိုလားပဲ ကြားဖြတ် တိုက်ခိုက်ခြင်းများ ရှောင်ကျဉ်ကြဖို့နှင့် နိုင်ငံအတွက် အကျိုးမပြုချင် နေပါ(တိုင်းတပါးမှာ ကိုယ်လုပ်ချင်ရာ ကိုယ်လုပ်ပြီး) နိုင်ငံကိုတော့ သွေးထိုးခြင်းနှင့် နိုင်ငံအတွက် ဖျက်လိုဖျက်စီးချင်တဲ့ စိတ်တွေကို လုပ်နေမယ်ဆိုရင် ခင်ဗျားတို့ရဲ့ အနာဂတ်ဟာ လှပမည်မဟုတ်ပေ… ဟိုးအရင် ပြောနေကြစကားအရ ပြောရမယ်ဆိုရင် လမင်းကို ခွေးဟောင်နေလို့ ကတော့ ဟောင်နေတဲ့ ခွေးသာ……..၊ လမင်းကတော့ ထွန်းမြဲထွန်းလင်းနေမှာပါ ဟုဆန္ဒပြုရင်း ကိုယ့်လုပ်နေတဲ့ အလုပ်အတွက် ရရှိနေတဲ့ ငွေကြေးပမာဏ နည်းသည်ဖြစ်စေ၊ များသည်ဖြစ်စေ ကြိုးစားအားထုတ်မှုဖြင့် ရလာတဲ့ လုပ်အားခ လစာသည် မည်သူ့ပိုက်ဆံမှ မဟုတ်ပါ ကိုယ့်အတွက် ရသင့်ရထိုက်တဲ့ ပိုက်ဆံဖြစ်ပြီး သန့်ရှင်းစင်ကြယ်၍ တန်ဖိုးရှိနေပါအုံးမည် ဟု ဖော်ပြလိုက်ပါသည်…။
လေးစားစွာဖြင့်
စေလိုရာ

|
This entry was posted on 5:45 AM and is filed under . You can follow any responses to this entry through the RSS 2.0 feed. You can leave a response, or trackback from your own site.

10 comments:

On February 6, 2010 at 9:38 AM , g|-|0$7 said...

ဘုန်းကြီးနဲ့ အခွန်ကိစ်စကတော့ ကျွန်တော်ရေးသွားတာမဟုတ်လို့ ကျွန်တော်ဘာမှ ပြန်မပြောချင်ဘူး

သြော်... အစ်ကိုရယ်... ဒေါသကြီးတတ်ရန်ကော...
ကျွန်တော်ပြောချင်တာက အစ်ကိုတို့နဲ့ ကျွန်တော်တို့ပြည်သူတွေကြားမှာရှိနေတဲ့ အတားအဆီးတွေကို အတတ်နိုင်ဆုံးလျော့ပါးသွားစေချင်လို့ပြောတာပါ

အစ်ကိုတို့ကလည်း မြန်မာနိုင်ငံနဲ့ အဝေးရောက်နေတိုင်း နိုင်ငံရေးသမားလို့ပဲ ထင်နေတာပဲ... ကျွန်တော်ပြောသွားတဲ့ထဲမှာ နိုင်ငံခြားမီဒီယာတွေက လုံးဝမှန်ပါတယ်ဆိုတာ တစ်လုံးမှ မပါပါဘူးဗျာ... ပြီးတော့ နိုင်ငံခြားကို ရောက်နေတဲ့သူတွေထဲမှာ ပညာတတ်တွေအများကြီးပါ... ဒီမီဒီယာတွေက ဆင်ကိုလိပ်ဖြစ်အောင်ပြောတိုင်း လိပ်လိပ်လိပ်လို့ ထိုင်အော်နေတဲ့လူတွေက လူနည်းစုပါ... ကျွန်တော်ကိုယ်တိုင်လည်း နိုင်ငံရေးအရေခြုံ အခွင့်အရေးသမားတွေကို ကြည့်လို့လဲမရ... အပြောအဆိုလည်း မလုပ်ချင်ပါဘူး... နိုင်ငံရေးဘလော့်တစ်ခုမှာ မြန်မာနိုင်ငံအလံကို ခြေထောက်နဲ့နင်းပြီးတော့ ရိုက်ထားတဲ့ဓာတ်ပုံမှာတောင် သွားရှုတ်ချဘူးပါတယ်...

ကျွန်တော်ပြောချင်တာက အခုဒီလို စစ်တပ်ကို အမြင်မကြည်မလင် ဖြစ်နေတာတွေဟာ နိုင်ငံခြားမီဒီယာတစ်ခုတည်းကြောင့် ဖြစ်နေတာမဟုတ်ဘူး... အစ်ကိုတို့လူတန်းစားက လူတစ်ချို့ရဲ့ မမှန်မကန်လုပ်ရပ်တွေကြောင့်လည်း ပါပါတယ်လို့ပြောချင်တာပါ... ပြီးတော့ နိုင်ငံခြားကလူတွေကပဲ ဒီလိုမြင်နေတာ မဟုတ်ပါဘူး... မြန်မာနိုင်ငံမှာလည်း ဒီလိုပဲအမြင်ရှိတဲ့လူတွေ အများကြီးပါ... ဥပမာပြောရရင်... ကျွန်တော့်သူငယ်ချင်းကောင်မလေးတစ်ယောက် RU ကလူနဲ့ချက်တယ်... ချစ်တယ်... ဟိုကပြန်လာတယ်... နှစ်ဦးနှစ်ဖက်အဆင်ပြေတယ်... ကဲယူကြမယ်ဆိုပြီး မိဘတွေကို အသိပေးတော့ ကောင်မလေးမိဘတွေက ဒီလူတန်းစားဆိုရင် လုံးဝသဘောမတူဘူးဆိုပြီးတော့ ပြောတယ်ဗျာ... အစ်ကိုတို့စဉ်းစားကြည့်... နှစ်ဦးနှစ်ဖက်အဆင်ပြေတာတောင် သူတို့မှာပေါင်းစည်းလို့ မရတဲ့ဘ၀... အစ်ကိုတို့ထဲမှာ ကောင်းတဲ့လူတွေရှိပါတယ်... ဒါပေမယ့် အစ်ကိုတို့ထဲက တစ်ချို့တစ်ချို့ရဲ့ လုပ်ရပ်တွေကြောင့် ပြည်သူနဲ့ အစ်ကိုတို့ကြားထဲမှာ တစ်နေ့တစ်နေ့ဝေးကွာ လာတယ်လို့ကျွန်တော်တော့ ယူဆတယ်... အစ်ကိုတို့ရဲ့ ပြည်သူကို ချစ်လှပါတယ်ဆိုတဲ့ စစ်တပ်ကြီးလုပ်ခဲ့တဲ့ လုပ်ရပ်တွေက အကုန်မှန်တယ်လို့ အစ်ကိုတို့ရော လုံးဝယူဆထားလို့လား... အစ်ကိုတို့လူတန်းစားက ထိုက်တန်တဲ့ သတ်မှတ်ထားတဲ့ အခွင့်အရေးတွေထက် ပိုမရဘူးဆိုတာရော အစ်ကိုသေချာလို့လား...

 
On February 6, 2010 at 9:38 AM , g|-|0$7 said...

"လုပ်အားခ လစာ" နဲ့ပတ်သတ်ပြီးတော့ အစ်ကိုတို့ အသိဆုံးပါ... အစ်ကိုတို့ရဲ့ အထက်လူကြီးတွေ ၀န်ကြီးတွေ တိုင်းမှူးတွေ ပိုင်ဆိုင်ထားတဲ့ ကားတွေ တိုက်ခန်းတွေ ခြံတွေ ဟီးနေတဲ့တိုက်ကြီးတွေက... သူတို့ရဲ့ တစ်လ တရားဝင် ၀င်ငွေထက် အဆပေါင်းထောင်သောင်းမကများနေတယ် ဆိုတာ ငြင်းလို့မရပါဘူးဗျာ

မြန်မာနိုင်ငံကြီးတိုးတက်တယ်ဆိုတာ အစ်ကိုဘာနဲ့ တိုင်းတာတာလဲ
ဖောက်ထားတဲ့ လမ်းမိုင်တွေ... ဆောက်ထားတဲ့ တံတားတွေနဲ့ပဲ တိုင်းတာမှာလား... ကျွန်တော့်အမြင်ပြောရရင်တော့ အဲ့ဒါတွေက quantity ပဲရှိပြီးတော့ quality မှမရှိတာ... လားရှိုးစစ်အင်တံတားကျိုးကျတာဆို လူတောင်မသိလိုက်ဘူးမလား... မနက်တိုင်းမှူးတံတားဖွင့်ပေးသွားတယ်... နေ့လည် ကျိုးကြတယ်... သတင်းထဲမှာ တစ်လုံးတစ်လေတောင် မပါဘူး... ရန်ကုန်မြို့မှာ ဖောက်ထားတဲ့လမ်းတွေကရော... အရင်ခေတ်ကလောက်တောင်ကောင်းလို့လား... အသစ်ဖောက်တဲ့ ဝေဇယန်တာလမ်းမက ပြည်လမ်းမလောက်ကောင်းမကောင်းဆိုတာ အစ်ကို အသိဆုံးပဲ... ကျွန်တော်တို့ ငယ်ငယ်တုန်းက လျှပ်စစ်မီးက အခုလောက်မှ မပြတ်တာ... အခုရန်ကုန်မြို့မှာ တစ်နေ့ နာရီဘယ်လောက်ပဲ မီးရတယ်ဆိုတာ အစ်ကိုမမြင်ချင်ယောင်ဆောင်နေတာလား... အဲ့ဒီအချိန်မှာ နေပြည်တော်ကြီးကြတော့ ၂၄ နာရီမီးတွေထိန်ထိန်လင်းလို့... ဖြစ်သင့်သလားဗျာ

နယ်မှာတော့မသိ... ရန်ကုန်မြို့မှာ မှိုလိုပေါက်လာတဲ့ အနှိပ်ခန်းတွေ ကာရာအိုကေခန်းတွေကရော... ဘယ်သူက ခွင့်ပြုပေးထားတာလဲ... လုပ်ချင်ရင်လည်း စလုံးလို ဘန်ကောက်လို သက်သက်တစ်နေရာမှာ လိုင်စင်ပေးပြီးတော့ ဖွင့်လိုက်ပေါ့ဗျာ... သီးသန့်သန့်ဖြစ်သွားတာပေါ့... ဒီလို တရားမ၀င်ဟာတွေ ဘယ်လိုလည်ပတ်နေတယ်ဆိုတာ အစ်ကိုစဉ်းစားကြည့်ရင် သိနိုင်ပါတယ်... မြန်မာနိုင်ငံမှာ ခိုးကူးတွေလုပ်လို့ မြန်မာ့ဂီတလောက ဘယ်လောက်အထိနာနေသလဲ... ဒါတွေကို ဘာကြောင့်လွှတ်ပေးထားလဲ

ကျွန်တော်မြင်တာကတော့... မြန်မာနိုင်ငံရဲ့အခြေအနေက တစ်နေ့တစ်ခြားပိုပိုဆိုးလာသလိုပဲ... ဒါတွေက စစ်တပ်ကလုပ်နေတာလို့တော့ မတရားမပြောချင်ဘူး... ခြစား လာဘ်စား အာဏာအလွှဲသုံးစားလုပ်နေတဲ့ လူတွေထဲမှာ စစ်တပ်ကလူကြီးတွေပဲ ပါတာမှမဟုတ်တာ... ဒါတွေကို ပြင်ဆင်ဖို့ တိုက်ဖျက်ဖို့ကို အုပ်ချုပ်ရေးတာဝန်ယူထားတဲ့ လူတွေက တာဝန်ရှိပါတယ်... အုပ်ချုပ်ရေးကို ဘယ်သူတွေ တာဝန်ယူထားလဲ... တိုင်းပြည်ကို ကယ်တင်ထားတဲ့ စစ်တပ်ကြီးပဲလေ... အဲ့ဒီတော့ လူတွေက ဒီယိုယွင်းပျက်စီးနေတဲ့ အုပ်ချုပ်ရေးကြီးကို သဘောမကျတိုင်း အစ်ကိုတို့ စစ်တပ်ကြီးကို ဖိဖိမဲတော့တာပေါ့ဗျာ... သူတို့မှာ ဒါကြီးကို မလိုချင်လည်း ငြင်းပိုင်ခွင့်လည်းမရှိ... သဘောထား ဖော်ထုတ်ခွင့်လည်းမရှိ... ဖြုတ်ချပိုင်ခွင့်လည်းမရှိ... သူများနိုင်ငံတွေလို လေးနှစ်လောက်တော့ သည်းခံလိုက်ပါမယ်... ပြီးရင်ပြီးသွားမှာပဲလို့လည်း မျှော်လင့်ချက်လည်းမရှိ... အဲ့ဒီတော့ ကြာလေကြာလေ တိုင်းပြည်မှာ မရှိမဖြစ်လိုအပ်တဲ့ စစ်တပ်ဆိုတဲ့ အရာကြီးကို အမြင်မကြည်မလင် ဖြစ်လာတာ အဆန်းမဟုတ်ပါဘူး... အစ်ကိုတို့လည်း တစ်နေ့ နိုင်ငံအကြီးအကဲ ဖြစ်လာခဲ့ရင် ဒီဝေးကွာမှုတွေကို လျော့ပါးသွားအောင် ပပျောက်သွားအောင် ကြိုးစားကြပေါ့ဗျာ

 
On February 6, 2010 at 10:15 PM , kyaw said...

ဆင်ခြင်တုံ တရား မရှိတဲ့ သူတွေကတော့ ပြည်သူရော ဘာရော နားမလည် နိုင်ပဲ ကိုယ်ထင်ရာတွေ လုပ်ကြတော့ အများ မုန်းစရာတွေ ဖြစ်လာရ တာပါပဲ။ အားလုံးရဲ့ အပြစ်ဟာ ဘယ်သူ့ပေါ် တည် သလဲဆိုတာ သိကြမှာပါ၊

 
On February 6, 2010 at 11:25 PM , kyaw said...

စစ်ခေါင်းဆောင်တွေ , အပေါင်းအပါ သားသမီး ဆွေမျိုးတွေ နဲ့ ရင်ထဲက အဖြစ်များ စွာ မျိုသိပ်ထားရတဲ့ တပ်မတော်သား အရာရှိ/စစ်သည်များစွာကို ခွဲခြားမြင်နိုင်ပါစေ

 
On February 7, 2010 at 4:20 PM , Unknown said...

အားလုံ့းပဲ ကိုခံစားချက်ကို ဦးစားမပေးပဲ နိုင်ငံအတွက် အရင် စဉ်းစားလိုက်ရအောင် တချို့က ပြောတယ်(ဥပမာ နိုင်ငံရေသမား(ယ္ခု ဒီမိုကရေစီသမား)တွေပေါ့) တပ်မတော် အစ ရဲဘော် သုံးကျိပ်က တဲ့ အဲ့ဒါနဲ့ပါတ်သတ်ပြီး ကွန်မြူနစ်တွေက ပြောပြန်တယ် တက်မတော် အစက ဟိုး နှစ်ပေါင်းများစွာကတဲ့ ရဲဘော်သုံးကျိတ်စမှ တပ်မတော်ဆိုတာ ပေါလာတာမဟုတ်ပါဘူး ဟိုး... ပျူခေါတ် ၊ ပုဂံခေါတ်ထဲက တပ်မတော်ဆိုတာ ရှိပါတယ် .. အဲ့ဒါနဲ့ပါတ်သတ်ပြီး နည်းနည်းကွဲလွဲတာ ရှိပါတယ် ဟိုး ဘုရင့်နိုင်ငံဖြစ်ကတည်းက နိုင်ငံသားတိုင်းဟာ နိုင်ငံတာဝန် ထမ်းကြရပါတယ် ဒါပေမဲ့ အမြဲတမ်းတပ်မတော် တော့ မဟုတ်ပါဘူး စစ်ပွဲတွေဖြစ်ရင် တော့တိုက်ပွဲ ၀င်ကြရပါတယ် ... အဲ့ဒီ့လူမျိုးတွေနဲ့ အခုခေါတ်လူတွေ(ဒီမိုကရေစီသမားများ) မနှိုင်းကြပါနဲ့တော့ ရှက်လွန်းလို့ပါ အချိန်တန်ရင် စစ်တိုက်နေကြတာ ဒီစစ်သားတွေပဲ ပြတ်ကြ သေကြကြတဲ့ အချိန်မှာ ဘယ်ပြည်သူတွေက အသိအမှတ်ပြုကြလဲ အပြစ်ပြောဖို့ပဲ သိကြတယ် အသက်နဲ့ ခန္ဓာကို စွန်လွတ်နေကြတာ ဒီစစ်သားတွေပဲလေ မင်းတို့ တိုင်းပြည်ကို တကယ်ချစ်တယ်ဆိုရင် ယူနီဖေါင်းဝတ်ပြီး ကရင်ပြည်နယ်ဘက်ကို ရှေ့တန်းထွံက်ကြည့်ပါလား ... ကျုပ်က သူများတွေလို ဖွဲ့ဖွဲ့ နွဲ့နွဲ့ မပြောတတ်ဘူး တကယ်ပြောချင်တာကိုပဲ ပြောလိုက်တာပါ တကယ်လို့ တိုင်းပြည်ကို တကယ်ချစ်တယ်ဆိုရင် ကျုပ်တို့နဲ့ ရှေ့တန်း ၁ ခါလောက် ထွက်ကြည့်ပါ ... မလုပ်နိုင်ပဲနဲ့တော့ ကြီးကြီးကျယ်ကျယ်တွေ ပြောမနေနဲ့.........

 
On February 8, 2010 at 3:37 AM , Unknown said...

တိုင်းသူပြည်သား ဆန္ဒအရ
မဟုတ်ဘဲ တိုင်းသူပြည်သား
တွေနဲ့ ကင်းကွားပြီး မင်းစိတ်
ပေါက်နေတဲ့ အရာရှိတွေ
ခြယ်လှယ်တဲ့ စနစ်ဆိုးမျိုး
ရှိနေရင် အများပြည်သူတို့
ဆန္ဒနဲ့ လုပ်ကိုင်ရတဲ့ ဒီမိုကရေစီ
ဝါဒ ခေတ်မစားနိုင်တဲ့
ဖက်ဆစ်ဝါဒ ဆင်တူရိုးမှားတွေ
ပေါ်လာနိုင်တယ်
...ဗိုလ်ချုပ် အောင်ဆန်း..........

 
On February 11, 2010 at 4:19 PM , Unknown said...

ယနေ့ခေတ်တပ်မတော်တွင် အရာရှိ၊ စစ်သည်အများစုသည် စစ်အာဏာရှင်များ၏ တပ်အင်အားဖြည့်တင်းရေး နိုင့်ထက်စီးနင်း စီမံချက်များကြောင့် လူသစ်များကို အတင်းအဓမ္မ စုဆောင်းနေရသည့်အတွက် ဒေါင်ဒေါင်မြည် စစ်သားများ ဖြစ်လာဖို့ရန် အလှမ်းဝေးသထက် ဝေးသွားနေပြီဖြစ်ရာ အရည်အချင်းထက် အရေအတွက်ကို ဦးစား ပေးနေသော မြန်မာ့တပ်မတော်၏ အနာဂတ်မှာ ရင်လေးဖွယ်ရာပင် ဖြစ်ပါသည်။

 
On February 12, 2010 at 6:12 PM , Unknown said...

နောက် လိုက် လေး ဆယ်.... ဗိုလ်ချောက် ဆယ်

 
On February 21, 2010 at 10:32 AM , Unknown said...

နီဂျာနိုင်ငံမှာ သမ္မတ မာမာဒူ တန်ဂျာ (Mamadou Tandja) ကို ဖြုတ်ချပြီးတော့ စစ်အာဏာသိမ်းခဲ့တာကို ထောက်ခံတဲ့အနေနဲ့ အတိုက်အခံပါတီက လူထုစုဝေးပွဲတခု ကျင်းပခဲ့ကြပါတယ်။ နီအာမေ (Niamey) မြို့တော်မှာ လူပေါင်း တသောင်းလောက် စုဝေးခဲ့ပြီးတော့ စစ်တပ်ရဲ့ ဆောင်ရွက်ချက်ကို ကျေးဇူးတင်ပါကြောင်း ပြသပြီး စစ်အစိုးရအနေနဲ့ ရွေးကောက်ပွဲကို အမြန်ဆုံး ကျင်းပပေးဖို့ တိုက်တွန်းပါတယ်။

စစ်အစိုးရအနေနဲ့ ဒီမိုကရေစီစနစ် ပြန်တည်ဆောက်ဖို့ ကူညီဖို့အသင့်ပါလို့ အတိုက်အခံ CFDR ပါတီဝင်တွေက ပြောပါတယ်။ စစ်အစိုးရ အဖွဲ့ဝင်တဦးကလည်း စုဝေးခဲ့ကြတဲ့လူထုကို ကျေးဇူးတင်စကား ပြောပြီး နိုင်ငံရဲ့ အကျိုးစီးပွားအတွက် ကြာသပတေးနေ့က အာဏာသိမ်းခဲ့ရတာဖြစ်ကြောင်း ပြောကြားသွားပါတယ်။ ရွေးကောက်ပွဲအကြောင်းကိုတော့ ဘာမှမပြောသွားပါဘူး။

နီဂျာနိုင်ငံကို စံပြဒီမိုကရေစီ ဖြစ်စေရမယ်လို့ စစ်အစိုးရက ကတိပြုပြီးတော့ ရွေးကောက်ပွဲ ကျင်းပမယ့်ရက်ကိုတော့ မသတ်မှတ်ပေးသေးသလို သူတို့ ဘယ်လောက်ကြာကြာ အာဏာကို ချုပ်ကိုင်ထားမလဲဆိုတာလည်း မပြောပါဘူး။ အာဏာသက်တမ်းရှည်စေဖို့ မနှစ်ကပဲ သမ္မတ တန်ဂျာ က ဖွဲ့စည်းပုံအခြေခံဥပဒေကို ပြောင်းပစ်ခဲ့တာကို အတိုက်အခံတွေက အပြင်းအထန် ဆန့်ကျင်ခဲ့တာဖြစ်ပါတယ်။

 
On April 21, 2010 at 6:07 PM , Unknown said...

“အနူတောထဲ လူချော” ဖြစ်နေပေမဲ့လို့ သေသေချာချာ ပြန်တွက်ကြည့်တော့ သူတို့ရတဲ့ လစာက ဒေါ်လာ ၂၅၀၊ စစ်ဗိုလ်ချုပ်သားသမီးများ စီးတဲ့ကားက အနဲဆုံး သိန်း(၂၅၀၀)၊ ဒါကို ဒေါ်လာနဲ့ တွက်ကြည့်ရင် ဒေါ်လာ နှစ်သိန်းခွဲ၊ ရုရှားကစစ်ဗိုလ်များ ရတဲ့လစာကို နှစ်ပေါင်း (၁၀၀) နီးပါး ဘာမှမစားဘဲ အငတ်ခံပြီး စုပါမှ သူတို့စီးတဲ့ကားမျိုး စီးနိုင်မယ်။ပြည်သူတွေကို မချစ်ရင်တောင် စစ်အာဏာရှင် လက်ထက်မှာတော့ တပ်မတော်ကြီးကို ပြောင်ပြောင်ရောင်ရောင် ဖြစ်အောင် ထားမယ်ဆိုရင် ဒါတပ်မတော်ကြီးကို ချစ်တယ်လို့ ပြောရဦးမှာပါ။ဒါပေမဲ့ ပြည်သူတွေလည်း မပြောင်ရောင်၊ တပ်မတော်ကြီးလည်း မွဲပြာဆင်းနဲ့ ဘာကိုချစ်လို့ ချစ်နေမှန်း မသိအောင်ကို ဖြစ်ရပါတယ်။

 

ဇာတိမာန်