Author: စေလိုရာ
•11:40 AM

မိဘတွေဘက်မှ အတွေးအခေါ်ရှိအောင် အပင်ပန်းခံ၊ ငွေကုန်ကြေးကျခံ၊ နိုင်ငံတော်အတွက် အကျိုးရှိတဲ့ ပညာရပ်တွေ တတ်မြောက်အောင် သားသမီးများကို မေတ္တာလက်ဖြင့် ပေးဝေငှခဲ့တယ်။ မျှော်လင့်ချက်တွေ၊ ယုံကြည်မှုတွေ သစ္စာတရားတွေ အားလုံးအပြင် ကိုယ်ကျင့်သိက္ခာကိုပါ ရောင်စားပစ်လောက်အောင် ရက်စက်သွားခဲ့တယ်။ လောကမှာ လေးစားထိုက်သူကို လေးစားမိတယ်။ မဟုတ်မမှန်တာတွေ လုပ်သွားတဲ့ လမ်းစဉ်နောက်ကို အတွေးအခေါ် နဲပါးသူတွေသာ လိုက်တတ်ကြတယ်။ အားပေးအားမြောက် ပြုနေသူတို့မှာလည်း ထိုနည်းတူစွာပင် ဖြစ်ပေသည်။ ခံစားခွင့်ကို ပထမဦးစားပေး ရှေ့တန်းတင်နေတဲ့ လူတွေမှာ နိုင်ငံတော်အတွက် အနစ်နာခံမည်ဟု ထားရှိခဲ့သည့် ကတိသစ္စာတွေက စစ်တပ်မှာရှိစဉ် သက်တမ်း တလျှောက်လုံးလိမ်ညာခဲ့တာလား…?

တိုင်းပြည်ကို ကာကွယ်မည်ဟု ကတိပေးပြီး စစ်တပ်ထဲတွင် ၁၅ နှစ် တာဝန်ထမ်းဆောင်သူက သစ္စာဖောက်တယ်။ ထိုလူကို အားပေးပြီး ထောက်ခံကြတယ်။ အသိဥာဏ်ရှိတဲ့လူက တွေးကြည့်ရင် လူလည်နှစ်ယောက် တွေ့ကြတဲ့အခါ ကိုယ့်အတွက် အကျိုးအမြတ် မရှိရင် အိတ်ထဲက အပါမခံတဲ့ လူတွေဖြစ်နေတယ်လို့ သုံးသပ်မှာပဲ… လူလိမ်လူညာတွေကြားမှာ ယုံကြည်မှုလည်း အလွဲသုံးစား လုပ်နိုင်သလို၊ အားနည်းချက်တွေကိုလည်း အသုံးချနိုင်တယ်။ ဥပမာ…ခိုးစားနေတဲ့ လူတစ်ယောက်သည် မခိုးနဲ့လို့ ဘယ်လောက် ပြောပြော သူ့စိတ်အလိုရှိတဲ့ အချိန် ခိုးမှာပဲ… ခြေဆော့လက်ဆော့ ရှိတယ်ဆိုတဲ့ သဘောမျိုးပေါ့။ ဒီလူတွေကို မြန်မာလူမျိုးတိုင်း သဒ္ဓါမည်လော… ဒါမှမဟုတ် ယုံကြည်မည်လော…?

စစ်သင်တန်းတွေ စပေးခါစမှာ စကားတစ်ခွန်း နာခံဖူးတယ်… သစ္စာဖောက်တယ်ဆိုတာ သေနတ်ယူပြီး ထွက်ပြေးမှ မဟုတ်ဘူး… ကင်းစောင့်သည့် အချိန်မှာ အိပ်ငိုက်တာလည်း သစ္စာဖောက်တာပဲကွလို့ ကျွန်တော့်တို့ ဆရာတွေ သွန်သင်ဆုံးမခဲ့တာ သဲထဲရေသွန် ဖြစ်ရပြီးပေါ့…။ အခုလို ထိပ်တန်းလျှိုဝှက်ချက်တွေကို ပေါက်ကြားအောင် လုပ်တာသည် ကင်းတာဝန်ပျက်ကွက်လို့ တပ်စုတစ်စု ဒုက္ခရောက်တာထက် နိုင်ငံတော်တစ်ခုလုံး ဒုက္ခရောက်နိုင်တဲ့အတွက် ကြီးလေးတဲ့ အပြစ်တစ်ခုကို ချိုးဖောက်လိုက်တာပဲ။ တကယ်တော့ နိုင်ငံတော်ရဲ့ ရည်မှန်းချက်တွေကိုလည်း ရိုက်ချိုး၊ ရဲဘော်ရဲဘက်စိတ်မရှိ၊ မိဘကိုလည်းမစာနာ ကိုယ်ထင်ရာ ကိုယ်လုပ်ဖို့အတွက် ကျေးဇူးတရားတွေကို ပယ်ချပြီး ခရီးဆက်နေပါလား…။ ဆရာကို အာခံဖို့အတွက် ကြိုးစားနေမယ်ဆိုရင် အာခေါင်သာ လှံစူးသွားလိမ့်မယ်။ ဟိုး…ရှေ့မင်းတွေ လက်ထက်မှာလဲ ရှိခဲ့ပါတယ်… တိုင်းပြည်(၁၀၀)ကို သိမ်းပြီး နောက်ဆုံးတိုင်းပြည် တစ်ပြည်ကျမှ သိမ်းလို့မရဖြစ်နေတဲ့ ဗာရာဏသီမင်း…။ ဒီမင်းကို အကြံပေးနေတဲ့ လူတွေကပါ ယုတ်မာသူတွေ ဖြစ်နေကြတယ်။ မကောင်းမှု့အတွက် အားပေးသူဆိုတာကလည်း ဒေ၀ဒတ်အလောင်းအလျှာ ဖြစ်ဖို့အတွက် အကုသိုလ်တွေ စုဆည်းနေတာပဲ မဟုတ်လား…? တိုင်းပြည်တစ်ရာကို သိမ်းလာတဲ့ မင်းဟာဘာကြောင့် ဒီတိုင်းပြည်တစ်ခုကို သိမ်းဖို့ခက်ခဲနေတာလဲ…? အဖြေကရှင်းလွန်းလို့ အသိဥာဏ်ရှိသူဆို သဘောပေါက်လောက်ပါတယ်။ ဆရာရဲ့ ဂုဏ်ကျေးဇူးတွေ၊ ကျေးဇူးတရားတွေကို မေ့ပြီး၊ နောက်ဆုံး ကိုယ့်ဆရာနေတဲ့ တိုင်းပြည်ကိုပါ… သိမ်းဖို့အတွက် ယုတ်မာရက်စက်တဲ့ အကြံတွေကြောင့် အပ္ပာယ်ဘုံမှာ နေရာမြင်မှ မှားပါပြီးဟု နောင်တရခဲ့တယ်။ မီးဟုန်းဟုန်းနဲ့ အပူဒဏ်ကို ခံရမှ ကျွန်တော်မှားပါပြီးဟု အော်နေလဲ အသိနောက်ကျခဲ့လို့ ပြင်ချိန်မရ ငရဲရောက်ရတယ်လို့တရားတွေမှာကြားနားဖူးတယ်။

အဓိကကတော့ ကျေးဇူးတရားကို မေ့ဖို့မသင့်တာကို ပြောချင်တာပါ။ ကိုယ်လုပ်ချင်တာကို ရှေ့တန်းတင်နေရင် မှားဖို့ကများပါတယ်။ စိတ်ဓာတ်မရှိလို့ စစ်တပ်ထဲမှာ မနေချင်ရင် အစကတည်းက မ၀င်ပါနဲ့လား…။ လုပ်ချင်စိတ် မရှိတော့ရင်လည်း တရားတဲ့ နည်းလမ်းဘက်က ဖြေရှင်းသင့်ပါတယ်။ အစကောင်းမှ အနှောင်းသေချာမှာပေါ့။ တော်ရုံတန်ရုံ စိတ်ဓာတ်နဲ့ ဘာကြောင့် တပ်မတော်ထဲ ၀င်လာသေးလဲ။ ဘ၀မှာ ကောင်းတာတွေရှိသလို မကောင်းတာတွေလည်း ကြုံတွေ့ရမှာပဲ…။ ဒါဟာ စစ်တပ်ထဲမှာမှ မဟုတ်ပါဘူး… အရပ်သားဆိုလည်း ဒီအတိုင်းပါပဲ…။ လောကဓံကို အကုန်ခံကြရတာပါပဲ…။ ကြံခိုင်မှုမရှိ၊ ပျော့ညံပြီး စစ်ပြေးဖြစ်ရတာကို အားမကျဘူးလားလို့ မေးနေသူတွေကမှ အရှက်မရှိတာပါ... ဘာကိုရှက်လို့ ရှက်ရမှန်းမသိတဲ့ လူတွေဆိုတာ ဒါမျိုးပေါ့။ ခန္ဓာကိုယ်ပေါ်က အ၀တ်အစားမ၀တ်မှ ရှက်ရမှာ မဟုတ်ဘူး၊ ကိုယ်ကျင့်တရား၊ ဂုဏ်သိက္ခာတွေ ပျက်စီးအောင် ကိုယ်တိုင်လုပ်တာလဲအရှက်တရားပါပဲ။

ကျွန်တော်မှတ်မိတဲ့ စာသားတစ်ခုရှိတယ်… ဂုဏ်ယူသင့်တာကို ဂုဏ်ယူရမယ်၊ ပင်ပန်းလွန်းလို့ ထွက်လာတဲ့ ချွေးတွေဟာ ကိုယ်ကျိုးထက်စာရင် တိုင်းပြည်အတွက် အလုပ်လုပ်ရတာမို့ ဂုဏ်ယူရမှာပဲ။ တကယ်တော့ ချွေးတွေဟာ ဆွေးစရာမဟုတ်၊ ရင်မှာနွေးစရာတွေ ဖြစ်လာတယ်လို့ ခံစားရမှာပါ… ဒါဟာလည်း ကျွန်တော်တို့ စစ်သားတွေရဲ့ စိတ်ဓာတ်မြင့်တင်ခြင်း တစ်မျိုးပဲ… မဟုတ်လား။ ဒီချွေးတွေကို ကိုယ်ကျိုးအတွက် ဖြစ်မလာလို့ ငါ့အတွက်အကျိုးမရှိဘူး ထင်တဲ့လူကတော့ အသက်မွေးဝမ်းကျောင်း မှားယွင်းနေတာပါပဲ။ ဒါကြောင့် သူနဲ့တန်တဲ့နေရာသို့ ထွက်ခွာဖို့အတွက် ကြိုးစားမှာပေါ့။ မှန်ကန်မှုတော့ လိုလိမ့်မယ်။ စေတနာ မပါခဲ့ရင် ဘယ်အလုပ်မှ မအောင်မြင်ဘူး… စစ်သားဆိုတာ အနစ်နာ ခံရမယ်… ကိုယ့်အတွက်အကျိုး မရှိလို့ စစ်တပ်က ပြေးတဲ့လူကို ကျွန်တော်တို့လို စစ်သားတွေဘက်မှ လက်ခံနိုင်စရာ အကြောင်းမရှိဘူး။ ဘယ်သူ့အတွက် လုပ်သွားတာလဲ ရှင်းရှင်းလေးပါ… ဒီနေရာမှာ မြန်မာပြည်မှ ပြည်ပြေးတွေ၊ မြန်မာနိုင်ငံသား စာရင်းမ၀င်သူတွေက အရမ်းလေးစားမိလွန်းလို့ ပထွေးတွေကို ဖားယားပြီး မြန်မာပြည်ဖျက်စီးနေတဲ့ လူတွေကို ပြောလိုက်မယ်… မောင်စိုင်းသိန်းဝင်းသည် သူ့အတွက် သူလုပ်နေတာပဲ… တိုင်းပြည်အတွက်၊ ကိုယ့်ရဲ့ကျေးဇူးရှင်ဖြစ်တဲ့ တပ်မတော်ကြီးအတွက်မှ မဟုတ်တာ၊ ကျွန်တော်တို့လို ရဲဘော်ရဲဘက်တွေ အတွက်ဆို ပိုဆိုးသေးတာပေါ့… ဒါကြောင့် လေးစားဖို့ကောင်းတယ်ဆိုတဲ့ စာလုံးကို ကျွန်တော်တို့လို တပ်မတော်သားတွေ ရှေ့ကိုမချပြဖို့ ခင်ဗျားတို့ ဦးနှောက်အလုပ်လုပ်ပုံ ပြင်ဆင်သင့်တယ်… လေးစားရအောင် အသက်မွေးဝမ်းကျောင်း အချင်းချင်းဆိုပေမဲ့ တပ်မတော်ကို သစ္စာဖောက်ဖို့မပါဘူး… အပြင်လူတစ်ယောက် အနေနဲ့ အလုပ်လုပ်တဲ့အခါ အလုပ်ရှင်ပေါ် သစ္စာမရှိလို့ ရလား… အပြင်လောကမှာ နေထိုင်တဲ့ လူတွေအသိဆုံးပါ… တပ်မတော်ဆိုတာ အပြင်အလုပ်ထက် အစပေါင်းများစွာ ပြင်းထန်လွန်းသည်ဟု လူတိုင်းသိတဲ့အတွက် သစ္စာဖောက်ခြင်း သီးခံပါ… အဲလိုပဲ မလေးစားထိုက်သူကို လေးစားကြပါလို့ တိုက်တွန်းချက် တွေသည်လည်း ဒီနေရာမှာ သီးခံပါ…

မွန်မြတ်သော တပ်မတော်သား ဘ၀နဲ့ ဆိုးဝါးအကျည်းတန်သော စစ်ပြေးဘ၀ ဘယ်ဟာကို ရွေးချယ်ကြမလဲ…? လူရယ်လို့ ဖြစ်လာရင် စောင့်ထိန်းရမယ့် တရားတွေများတယ်… အသိဥာဏ်ရှိတဲ့ လူတွေပဲ အမှားအမှန်ကို ပိုပြီးခွဲခြားတတ်ရမှာပေါ့။ အိမ်ကမနိုင်လို့ လွတ်ထားတဲ့လူ၊ အိမ်ပေါ်က ဆင်းပြေးတဲ့လူ၊ ဘယ်မှာဂုဏ်တင့်မလဲ။ ဂုဏ်ထက်စာရင် ကောင်းမကောင်း စဉ်းစားကြည့်ကြပေါ့။ သားသမီးတွေ ရှင်သန်ဖို့အတွက် မိဘရင်ခွင့်ဆိုတာ ရှိသလို တပ်မတော်သားတွေအတွက် တပ်မတော်ဆိုတဲ့ မိဘရင်ခွင်ရှိပြီးသားပါ… တပ်မတော်သာအမိ၊ တပ်မတော်သာအဖ ဆိုတာ ဒါကိုဆိုလိုတာပဲ… အလကားတွေမဟုတ်ပါဘူး…သေချာတွေးကြည့်စေချင်တယ်။

အခုလို တပ်မတော်မှာ တာဝန်ထမ်းဆောင်နိုင်ခြင်း မရှိတော့ပဲ ထွက်ပြေးနေသည့် စစ်ပြေးတစ်ယောက်အတွက် ၀မ်းနည်းစရာ အကြောင်းမရှိပါဘူး။ ကိုယ့်အဖွဲ့အစည်းကို နာမည်ဖျက်စီးနေသူ၊ ယုံကြည်မှုတွေ အလွဲသုံးစားလုပ်သူ၊ နိုင်ငံတော်ရဲ့ လျှိုဝှက်ချက်တွေကို တခြားနိုင်ငံကို ဖောက်သယ်ချနေသူ ဒီလူဘယ်လောက်ထိ ကောင်းစားမလဲ…။ နိုင်ငံအဆင့် ပွဲစားလုပ်သူလို့ သတ်မှတ်မယ်ဆိုလည်း မမှားပါဘူး။ မိမိကိုယ်ကျင့်တရားကို မိမိဘာသာ သိပါတယ်။ ထွက်သွားပြီးမှ နောင်တတရားတွေ ရနေလိမ့်မယ်… ကိုယ့်တန်ဖိုး ကိုယ်ဖြတ်တဲ့လူမို့ ဒီစစ်ပြေးတစ်ယောက်ရဲ့ တန်ဖိုးကုန်ဆုံးသွားပါပြီး…။ မှားနေတဲ့ လူတစ်ယောက်ကို အမှားလုပ်ခဲ့ဖူးသူတွေ ကူညီပါလိမ့်မည်။ အမှားသံသရာ လည်နေကြသူအပေါင်း ပူးပေါင်းနေမှတော့ ကျွန်တော်တို့ စစ်သားတွေနှင့် ပြည်သူတွေ အမြင်မှာ သူတို့တွေ ဘာဆက်မှားကြမလဲဆိုတာ စောင့်ကြည့်ရုံပေါ့။ အင်တာနက်မှာ ကြိုက်သလို အော်နိုင်တယ်… သေအောင်အော်နိုင်တယ်… လေးစားစမ်းပါအုံး… ခင်ဗျားတို့အလုပ်က ပြည်ပြေးတွေကို ထောက်ခံမယ်… နိုင်ငံတော်ပုန်ကန်ရင် လေးစားရမှာမို့… ဘယ်တော့မှ ဖြစ်မလာတဲ့ မကောင်းမှုကျူးလွန်နေတဲ့ ခင်ဗျားတို့ရဲ့ ရည်မှန်းချက်များကို မဖျက်စီးချင်ပါဘူး… ဒါပေမဲ့ စေလိုရာက အခိုင်အမာ ပြောလိုက်မယ်… သေချာမှတ်ထားစေချင်တယ်… ကျွန်တော်တို့မြန်မာနိုင်ငံသည် မှားနေတဲ့ လူလက်ထဲ မရောက်တာ သေချာသလို… ယခုလို အသုံးမကျတဲ့ သစ္စာဖောက်သူတွေ စုပြီးဖွဲ့စည်းထားတဲ့ လူတွေလက်ထဲလည်း မရောက်ဘူးဆိုတာ ရဲရဲဝံ့ဝံ့ ပြောရဲတယ်… ပြင်ချင်သလိုသာပြင်… မပြင်ချင်လည်း ဆက်မှားနေကြအုံးပေါ့… ကျုပ်တို့မြန်မာစကားသုံးပြီး မြန်မာမဟုတ်တဲ့ လူတွေပဲ ဥပက္ခာတရားနဲ့ ဘေးမဲ့ပေးလိုက်ပါတယ်… နာမယ်ဆိုလည်း နာနိုင်တယ်…

ငါတို့မရှိမှ သိမယ်ဆိုတဲ့ အပေါက်မျိုးတွေနဲ့ ပြည်ပထွက်ပြေးတာ သေချာရင် မောင်စိုင်းသိန်းဝင်းကို လမ်းကြုံရင် ပြောလိုက်ပါ… မြန်မာနိုင်ငံမှာ ပညာတတ်တွေ အများကြီးရှိပါတယ်… ရဲဘော်ရဲဘက်တွေ အထဲမှာလည်း ပညာတတ်တွေ အများကြီးရှိပါတယ်… ယခုလိုလုပ်ရပ်တွေဟာ တပ်မတော်ကို စော်ကားခြင်းမဟုတ် တိုင်းပြည်နှင့် လူမျိုးကိုပါ စော်ကားရာ ကျနေပါတယ်။ အမိန့်နာခံပြီး သစ္စာ စောင့်သိမှုရှိတဲ့ တပ်မတော်၊ လူမျိုးကို ကြည့်ကြအုံးမလား… ကိုယ်ကျင့်တရား လက်ကိုင်ထားတဲ့ လူမျိုးတွေသာ နေထိုင်သည့် ဗုဒ္ဓဘာသာနိုင်ငံမှာ လုပ်သက် ၁၅ နှစ်ထမ်းဆောင်တဲ့ နိုင်ငံဝန်ထမ်း တစ်ယောက်က အမှားသရုပ်ပြ အနေဖြင့် လုပ်ဆောင်သွားပြီး။ စနစ်တကျ နိုင်ငံတော်နှင့် တပ်မတော်ကို ဖျက်စီးနေသော လူတိုင်းကို ကျွန်တော်တို့အားလုံး ၀ိုင်းဝန်းတိုက်ထုတ် သင့်ပါသလား…? ဒါကိုတော့ လူတိုင်းစဉ်းစားကြပေါ့…? နိုင်ငံတော် တိုးတက်ဖို့အတွက် ကိုယ့်ကျိုးကြည့်သူ အားလုံးကို ကျွန်တော်ကိုယ်တိုင် ဆန့်ကျင်ပါတယ်။ အမည်ဂုဏ်ပုဒ် ဆိုးတွေနဲ့ ကျော်ကြားနေသူတွေကို လက်ခံနေတဲ့ ပုဂ္ဂိုလ်အားလုံး ဘာလုပ်သင့်သလဲ…?

ဒီထက်ပိုပြီး စကားတွေ အများကြီး ထပ်မပြောချင်တော့ပါဘူး။ အထိရောက်ဆုံး တစ်ခုပြောလိုက်မယ် တရားမ၀င်တာ မှန်သမျှ ခိုးတာပဲ… နိုင်ငံတော်ပစ္စည်းခိုးတာ နိုင်ငံအဆင့်ရှိတဲ့ သူခိုးပဲ… ခင်ဗျားရဲ့ မကောင်းကြံမည့် အကွက်တွေကို အစီအစဉ်ဆွဲ ခိုးယူသွားတဲ့ စာရွက်စာတမ်းတွေ၊ စစ်တပ်မှာ တာဝန်ထမ်းဆောင်စဉ် ရထားတဲ့ပညာတွေ၊ ရဲဘော်ရဲဘက်တွေကို မငဲ့ပဲ သစ္စာမဲ့တဲ့ လုပ်ရပ်တွေနှင့် တပ်မတော်ဆိုတဲ့ မိဘရဲ့ကျေးဇူးတွေကို စားသုံးပြီး မြန်မာနိုင်ငံကို ပျက်စီးအောင် လုပ်ကြည့်လိုက်ပေါ့။ တပ်မတော်မှာ ၁၅ နှစ် လုံးလုံး ဆိုခဲ့တဲ့ သစ္စာတုတွေကို မြင်ယောင်ပြီး နိုင်ငံတော်ပျက်စီးအောင် လျှိုဝှက်ချက်မှန်သမျှ ဖော်ထုတ်ရင်းနဲ့ ကျေးဇူးကန်းလိုက်ပါအုံး…
စာဖတ်နေတဲ့ လူတိုင်းတွေးကြည့်ပါ… ကျွန်တော်ပြောခဲ့သလို သူများနိုင်ငံအတွက် ကိုယ့်နိုင်ငံ လျှိုဝှက်ချက်တွေကို ပေးပြီးလုပ်တဲ့ သူတွေကို ဘယ်သူတွေက ထောက်ခံရမှာလဲ… ခံစားချက်ကို လာမပြောနဲ့ လူတိုင်းမှာ ခံစားချက်ရှိတယ်… အသက်မွေးဝမ်းကျောင်းခြင်း မတူတာကို လိုချင်နေလို့မရဘူး။ မောင်စိုင်းသိန်းဝင်းလို နိုင်ငံတော် ပိုက်ဆံကို သုံးဖြုန်းပြီး ကိုယ်ကျိုးအတွက် ထွက်ပေါက်ရှာခြင်းကို အောက်တန်းကျတဲ့ လုပ်ရပ်လို့ မသတ်မှတ်ရင်… ပြည်တွင်းမှာ အလုပ်လုပ် ကိုင်နေတဲ့လူတွေ၊ ပြည်ပမှာ နိုင်ငံတော်အတွက် ကြိုးစားပြီး ပညာသင်ယူနေတဲ့ လူတွေကိုမှ အပြစ်ပြောကြမှာလား...? ရင်ထဲကဆန္ဒတွေနဲ့ ပြည်သူတွေကို ကာကွယ်တဲ့တပ်မတော်မှာ တာဝန်ထမ်းဆောင်တာဟာ ဒီဘ၀ဒီခန္ဓာအတွက် အကျိုးရှိလွန်းပါတယ်။ တပ်မတော်သား တစ်ယောက်ရဲ့ နှလုံးသားမှာ မြန်မာနိုင်ငံမြေပုံ ရေးဆွဲထားရင် ပိုင်ဆိုင်တဲ့ နယ်နမိတ်တွေ ကမ္ဘာကအသိအမှတ်ပြုထားတဲ့ ဒီမြေ၊ ဒီရေ၊ ဒီနေရာနှင့် ဒီတည်နေရာကို အပြင်မှာမပြောနဲ့ ကျွန်တော့်ရဲ့ နှလုံးသားထဲမှာတောင် တစ်လက်မမှ အပျက်စီးမခံနိုင်ဘူး.... ပျက်းစီးအောင် လုပ်လာမည့် လူတိုင်းကိုလည်း မြန်မာနိုင်ငံသား တစ်ယောက်အနေဖြင့်ရော တပ်မတော်သား တစ်ယောက် အဖြစ်ပါ တိုက်ထုတ်သွားမည်... ဆိုတာ အားလုံးသိစေချင်တယ်။ ဒါဟာ ကျွန်တော်တို့ရဲ့ ယုံကြည်ချက်တစ်ရပ်ပဲ...

မိသားစု တစ်စုက မရှိမဲ့ရှိမဲ့ ပိုက်ဆံလေးနဲ့ ကျောင်းထားတယ်။ ဘ၀ရည်မှန်းချက် ပိုမြင့်အောင် ပညာတော်သင်တွေ သွားနိုင်ဖို့အတွက် အိမ်ပါရောင်းပြီး ပို့ပေးတယ်။ အိမ်၏အခြေအနေ အားလုံးကိုလည်း မိမိကပြည့်စုံစွာ သိတယ်။ မပြည့်မစုံတဲ့ကြားထဲက ကိုယ့်ကိုဒီအခြေအနေ ရောက်အောင်လုပ်ပေးခဲ့တဲ့ အိမ်အတွက် ဘာလုပ်ပေးသင့်သလဲ... ကျေးဇူးရော ဆပ်သင့်သလား…? လက်ဝါးဖြန့်ပြီး တောင်းနေဦးမှာလား…? ဒါမှမဟုတ် ခံစားခွင့်တွေ အပြည့်အ၀ ထပ်လိုချင်သေးတာလား…? ဘ၀တလျှောက်လုံး ဒီလိုပဲ ထောက်ပံ့ခံရမှ အလုပ်လုပ်တော့မှာလား…? တပ်မတော်သားဆိုတာ ကြံကြံခံနိုင်ရမယ်၊ ဘာအကျိုးမှ မရှိလည်း အကောင်းဆုံး လုပ်ပြနိုင်ရမယ်။ ကြီးကြီးမားမား သိပ်လုပ်ပြဖို့ မလိုပါဘူး။ စစ်သားတစ်ယောက်သည် သစ္စာရှိဖို့က အရေးကြီးဆုံးပဲ…။ လူမိုက်နဲ့ မပေါင်းသင်းရေးသည် ကျွန်တော်တို့အရေး ဖြစ်လာတာကြောင့် ကိုယ့်ညီတော် နောင်တော်တွေ အားလုံးကလည်း ဒီလိုလူမျိုးတွေကို ရှောင်ကြပါ… မောင်စိုင်းသိန်းဝင်း လုပ်သွားတာတွေသည် သူ့အတွက်သက်သက်သာ ဖြစ်တယ်ဆိုတာကို အားလုံးနားလည် သဘောပေါက်မယ်လို့ ယုံကြည်ပါတယ်။ ကျွန်တော်တို့တွေဟာ တခါတလေ အခက်အခဲတွေ ကြားမှာနေပြီး ကိုယ့်အလုပ်ရှင်ပေါ်ကို သစ္စာမဖောက်ပဲ ဂုဏ်သိက္ခာရှိရှိဖြင့် ရှေ့ဆက်ကြရအောင်… ထိုနည်းတူစွာ အိမ်အတွက် ဒါမှမဟုတ် နိုင်ငံတော်အတွက် ကျေးဇူးဆပ်နိုင်တဲ့ မိသားစုဝန်ထမ်းတွေ၊ နိုင်ငံတော်ဝန်ထမ်းတွေ၊ တာဝန်ကျေပွန်တဲ့ တပ်မတော်ဝန်ထမ်းတွေ ဖြစ်အောင် ကြိုးစားပြီး ကျေးဇူးတရား ကြီးမားသည့် ဗုဒ္ဓဘာသာ လူမျိုးတွေ အဖြစ်နှင့်သာ ကိုယ့်နိုင်ငံမှာရော တခြားနိုင်ငံတွေမှာပါ နေထိုင်သွားကြပါစို့ ဟု တိုက်တွန်းရေးသား လိုက်ပါသည်…။
လေးစားထိုက်သူကိုလေးစားလျှက်
စေလိုရာ(မြန်မာ)

ဇာတိမာန်