Author: စေလိုရာ
•5:53 AM
အဆင်ပြေတော့ ငြိမ်နေတယ်၊ အဆင်မပြေရင် မကောင်းကြောင်းတွေကိုသာ ဖော်ပြတတ်သူတွေအတွက် တန်ပြန်သင်ခန်းစာ (စင်္ကာပူမှအချစ် ဇာတ်လမ်းများ) မရည်ရွယ်ပါဘူး… အစဆွဲထုတ်လိုက်တဲ့ စင်္ကာပူမှသက်ဆိုင်သော သူများအတွက်သာ ဖြစ်ပါသည်…..
အောက်တွင်ဖော်ပြထားသည့် ဇာတ်လမ်းသည် အမှန်တကယ် ဖြစ်ခဲ့သော အကြောင်းအရာ တစ်ခုကို ဘေးလူတစ်ယောက် အနေဖြင့် (အားအားရှိ ခလုတ်တိုက်တတ်တဲ့ ဥပမာ-စလုံးမှ မမတစ်ယောက်၏ ရင်ဖွင့်ချက်ကို ထပ်ဆင့်ရင်ဖွင့် ပေးထားပြီး) အနည်းငယ်မျှသာ မြင်သာအောင် ဖော်ပြထားခြင်း ဖြစ်ပါသည်။
နေရာတကာမှာ လူထွင်ကျယ် ၀င်လုပ်ချင်သော စာနာစိတ်မထားတတ်တဲ့ စင်္ကာပူရောက် မိန်းကလေး တစ်ယောက်၏ အသိအမြင်နှင့် ကိုယ့်ဘက်က အမြင်တစ်ခုတည်းကိုကြည့်ကာ ဝေဖန်အပြစ်တင်မှုများကို အင်တာနက် စာမျက်ပေါ် ရောက်အောင်တင်၊ “Forward Mail” တွေကနေ လိုက်ပို့ပြီး ပြဿနာကို မီးထွန်းလိုက်ရှာနေတာ အခုချိန်မှာ အားလုံးဖတ်ပြီး သိပြီးဖြစ်ပါလိမ့်မည်။ ရေးတဲ့သူ၏စိတ်မှာ တခြားလူတွေကို အသိပေးတယ်၊ ရုရှားကကိုကိုတွေက အခုလိုအကျင့်တွေရှိတယ်၊ လုံးဝမကောင်းဘူး လို့ကြိုက်သလို ဝေဖန်နေပေမဲ့ တစ်ဖက်ကခံရသူကို သူတို့ပြန်ထည့်မတွက်ကြဘူး။ “အမြင့်ကိုရောက်ချင်လျှင် နင်းပြီးတော့ မတက်ပါနဲ့”… ပုဂ္ဂိုလ်ရေးဆိုတာ လူတိုင်းမှာရှိနိုင်တယ်။ မမှားသော ရှေ့နေ၊ မသေသော ဆေးသမားပါ။ အကယ်၍သာ ရုရှားမှာပညာသင် နေတဲ့အထဲက တစ်ယောက်သည် သူမ၏မောင်လေး ဒါမှမဟုတ် ဆွေမျိုးသားချင်း ဖြစ်နေပါက အခုလို ရုရှားရောက်ကိုကို များ၏မကောင်းကြောင်းကို ထမင်းစားဝင်အောင် ရေးမယ်လို့ ကျွန်တော်မထင်မိဘူး။ အေး….အဲလိုပဲ ရုရှားရောက်ကိုကိုများအထဲမှာလည်း စင်္ကာပူမှမဟုတ်ပါ အခြားနိုင်ငံများမှ လူတွေနဲ့ အမျိုးတော်နေမည် ဆိုရင်ရော ကိုယ်ချင်းမစာမနာ လုပ်ရပ်တွေကို လုပ်ပါ့မလား။ တစ်ယောက်မကောင်းတာ လုပ်ရင် ၀ါးလုံးရှည်ဖြင့် ပတ်ရမ်းတတ်သည့် အကျင့်ကိုရှောင်ကြပါ။
“ မကောင်းကွက်ကိုသာ ကြည့်မည်ဆိုလျှင် ပေါင်းနိုင်စရာ ပုဂ္ဂိုလ်မရှိ။ ကောင်းကွက်ကိုသာ ကြည့်မည်ဆိုလျှင် မပေါင်းနိုင်စရာ ပုဂ္ဂိုလ်မရှိ ” ဟု ဆိုရိုးစကားတွေ ရှိခဲ့တယ်။
ရှင်းရှင်းပြောရရင် ခင်ဗျားပြောချင်တဲ့ လူကသူ့ကိစ္စနဲ့သူ ထိုက်သင့်တဲ့အရာကို ခံစားသွားပြီးပြီး။ ဒါကိုခင်ဗျားတို့အနေနဲ့ ပျော်ပျော်ရွှင်ရွှင်ဖြင့် နောက်ထပ်ဒီလိုမျိုး မဖြစ်ဖို့ကို တားချင်တာလား……? ရုရှားကလူတွေ အမှားများများ လုပ်ပါစေလို့ ဆုတောင်းပြီး ချောက်ချချင်တာက များများလား….? ဆိုတာ ခင်ဗျားတို့ရေးပြီး ၀ါဒလိုက်ဖြန့်နေတဲ့ အင်တာနက် စာမျက်နှာက ဖော်ပြနေပါတယ်။ အဲဒါကြောင့် ငါတို့ပြောရင် သူတို့ကခံရမှာပဲဆိုတဲ့ ခင်ဗျားတို့ ခေါင်းထဲက အတွေးအခေါ်ဟောင်းတွေကို ဆေးကြောလိုက်ပါတော့လို့ ဦးစွာပြောချင်ပါတယ်။

နောက်ပိုင်းမှာတော့ နည်းနည်းကြမ်းမယ်… ဒီကိစ္စတွေကိုပြောဖို့ စိတ်ကူးလုံးဝမရှိခဲ့သလို ကိုယ်ချင်းစာတဲ့စိတ်ဖြင့် ထိန်းသိမ်းခဲ့သော်လည်း ယခုအချိန်တွင် တစ်လောကလုံး ငါတို့အမှန် ရုရှားရောက်ကိုကိုများရဲ့ အမှားဆိုပြီး အေးချမ်းစွာနေထိုင်နေတဲ့ လူအားလုံးကို ထိခိုက်ပုတ်ခတ် နေမှတော့ တတ်သည့်ပညာမနေသာပဲ ခင်ဗျားတို့ရဲ့ ကြီးကျယ်ခမ်းနားမှု အရှိန်ကိုမြင့်တင်ပေးဖို့ ခင်ဗျားတို့ကိုယ်တိုင် လုပ်ဆောင်ခဲ့တဲ့ အချက်အလက်တွေဖြင့် ၀င်ပြီးလမ်းကြောင်း ပြောင်းပေးကြည့်တာပေါ့…. ဘီလူးဆိုင်းတီးလို့ ဘီလူးအက ကရတာ ဘာမှမခက်ပါဘူး။ ရုရှားကလူတွေမှ အချစ်ဇာတ်လမ်းတွေ ရှိတာမဟုတ်ဘူး။ ခင်ဗျားတို့ နေထိုင်တဲ့ စကာင်္ပူ၊အခြားသော နိုင်ငံများက မိန်းကလေးတွေမှာ အချစ်ဇာတ်လမ်း ကောင်းကောင်းလေးတွေ ရှိပါတယ်။ အကျယ်တပွင့် ရှင်းလင်းရမည်ဆိုလျှင် အိမ်ကနေ မိန်းကလေးတစ်ယောက် နိုင်ငံခြားသို့ ထွက်လာတယ် ပညာသင်ဖို့၊ အလုပ်လုပ်ဖို့ ရည်မှန်းချက် အမျိုးမျိုး ဖြစ်လိမ့်မယ်။ ထိုရည်မှန်းချက်ထဲမှာတော့ ယောင်္ကျားယူမည်ဆိုတာ ထည့်သွင်းထားခဲ့သလား…. ဘာကြောင့် ဒီလိုပြောရသလဲဆိုရင် မိန်းကလေးတော်တော် များများကြုံတွေရတယ်။ အားလုံးကို မဆိုလိုပါ… ဟုတ်မှန်သောသူများနှင့် ဘေးမှမြောက်ထိုးပင့်ကော် သမားများအား ဖော်ညွှန်းထားပါသည်။ တကယ်ရှိလို့ ပြောပြခြင်းဖြစ်ပါတယ်။ ခင်ဗျားတို့ သိတာရှိရင်ရှိမယ်။ မသိချင်ယောင် ဆောင်နေတာလဲ ဖြစ်နိုင်လို့။ အားလုံးသိရအောင် ဖော်ပြလိုက်တာပါ။ မိန်းကလေးတစ်ယောက် နိုင်ငံခြားရောက် မကြာဘူး၊ အတူစားအတူသွား အတူတူအိပ် ဘ၀ခရီးလမ်း ကြမ်းချင်သလောက် ကြမ်းပါစေ။ သူတို့နှစ်ယောက်အိပ်တဲ့ ကုတင်လောက်တော့ ဘယ်ကြမ်းတမ်းနိုင်မလဲ။ ကိုယ်ထင်ရင် ကုတင်ရွှေနန်းပေါ့။ မမတို့၊ညီမတို့က ကောင်းစားနေကြတာ၊ ဇိမ်တောင်ခံ နေလိုက်သေး။ အိမ်ကတော့ မသိရှာ… ငါ့သမီးလေး နိုင်ငံခြားမှာ ကျောင်းတက်ရတာ အဆင်ပြေရဲ့လား… အလုပ်ကပတ်တိုင်းတွေနဲ့ဆို တော်တော်ပင်ပန်းရှာမှာပဲ။ မိဘကတော့ မေတ္တာတွေပို့ပေး ငါ့သမီးလေး ကျန်းမာပါစေ၊ ချမ်းသာပါစေ၊ ဘေးလူတွေများမေးခဲ့ရင် ၀မ်းသာအားရနဲ့ သမီးလေးက တော်တယ်၊ မိဘကိုလည်း သိတတ်တယ်။ မည်သို့မည်ပုံ ဂုဏ်ယူပြီးပြောပြော တကယ်တမ်း သမီးကတော့ နိုင်ငံခြားမှာ တရားဝင်ယောင်္ကျား ရနေလောက်ပြီး။ တရားက၀င်မှာပေါ့…. လူသိရှင်ကြား နေနေတာကို။ ကဲထားပါတော့…. ကိစ္စတစ်ခုခု၊ ပြဿနာတစ်ခုခုကြောင့် သူနဲ့ကြိုက်တဲ့ ကောင်လေး မြန်မာနိုင်ငံပြန်ရတဲ့ အခါ ဘယ်လိုများလုပ်ကြလဲ။ မြန်မာနိုင်ငံပြန်သွားပြီး အဲဒီယောင်္ကျားလေးက အဆက်အသွယ် မလုပ်တော့တာတွေ၊ အိမ်ကသဘောတူလို့ နောက်တစ်ယောက် တွေ့သွားကြတော့ သူတို့နှစ်ယောက် နိုင်ငံခြားမှာ ဖြစ်ခဲ့တာကြီးက ဘာဖြစ်သွားသလဲ။ မပြီးဆုံးသွားဘူးလား…. အဲဒါကိုကျတော့ သဲကြီးမဲကြီး တိုင်တောကြလား…။ လူမသိအောင် ခိုးစားထားတော့ လူသိမှာ အရမ်းကြောက် နေကြတယ်မဟုတ်လား။

ရုရှားကကိုကိုတွေနဲ့များ ချစ်သူရည်းစား ဖြစ်ခဲ့လျှင် အပိုင်တန်းကိုင်တာပဲ။ ခုနကလို ဖြစ်ခဲ့ရင် ချက်ချင်းမြန်မာနိုင်ငံ သွားပြီး၊ ယူရင်ယူ မယူလို့ကတော့ တိုင်မယ်ဆိုတဲ့ သာဓကတွေ အများကြီးရှိခဲ့ပြီးပါပြီ။ အပြင်ကလူနဲ့ သူတို့ကြိုက်ပြီး ဘ၀ပျက်သွားခဲ့ရင် တိုင်ဖို့မပြောနဲ့ ရေကန်မြင့် ကြာတင့် ဆိုတဲ့စကားပုံကိုများ လက်ကိုင်ထားနေလား မသိဘူး။ ခွင့်လွတ်ပေးနိုင် ကြတယ်…ဒီစကားတွေက ခင်ဗျားတို့တွေကပဲ ပြန်ပြောလို့ ကြားနေရတာပါပဲ။ ရုရှားကကိုကိုတွေအနေဖြင့် ကြိုက်သာကြိုက်နေရတယ်၊ ချစ်သာချစ်နေရတယ်၊ ခင်ဗျားတို့ကအဝေးမှာ ဘာတွေဖြစ်နေလဲ ဘာတွေလုပ်နေ သလဲဆိုတာကို ကောင်းကောင်းမသိနိုင်ဘူး… ခင်ဗျားတို့ရဲ့ အပြောနဲ့သာ ယုံနေရပေမဲ့… နေ့စဉ်အင်တာနက် စာမျက်နှာပေါ်ရောက် ရောက်လာတဲ့ ဗွီဒီယိုမှတ်တမ်းတွေက အမျိုးကောင်းသားသမီးတွေ နှစ်ကိုယ်တူ ချစ်နှီးနှောထားတဲ့ ဇာတ်လမ်းတွေက ခင်ဗျားတို့ရဲ့ သစ္စာစောင့်သိမှုကို သက်သေပြနေသလိုပါပဲလား။ အခုနောက်ပိုင်း သားစိုးသီချင်းထဲကလို နိုင်ငံခြားကခိုးကူးခွေများ စင်္ကာပူတွင် လုပ်သည် ဟုပြောရမလိုပဲ။ သူတို့နဲ့အနီးကပ်နေတဲ့ ကောင်လေးတွေကို ယုံစားကြလို့ ဘာတဲ့… တခါတလေဆို အသံတွေကအစပါလို့ အကိုဗွီဒီယို ရိုက်ရင်ရိုက်နော် အင်တာနက်အပေါ်တော့ မတင်ပါနဲ့။ ဟိုကလည်း စိတ်ချမတင်ပါဘူး… ညီမရယ်၊ မမရယ်နဲ့ အဆင်ကိုပြေလို့။ ပြီးတော့လည်း အကုန်လုံးကြည့်နေရတာပါပဲ။ ဒါမျိုးလုပ်တဲ့ လူတွေကျတော့ ကြောက်ကြတယ်မဟုတ်လား။ ဘယ်လောက်စိတ်နာဖို့ ကောင်းသလဲ။ မိန်းကလေးကိုချစ်တယ်ပြောတယ် အတူတူနေ၊ အတူတူစား၊ အတူတူသွား ပြီးတော့အတူတူ သဘောတူယုံစားပြီး ဗွီဒီယိုတွေရိုက်၊ ဖြစ်နေကြတာ။ နောက်ဆုံးကွဲပြဲတဲ့အချိန် ဘ၀ပါပျက်စီးသွားတာမဟုတ်ဘူး၊ အရှက်ကိုပါ တစ်ခါထဲဖျက်စီးလိုက်တာ။ ငြိမ်နေကြတယ်မဟုတ်လား။ ထိုအကြောင်းတွေကို ရေးပါလား… အတုယူဖို့။ ဘာမဆိုင်တဲ့ အဝေးဆုံးက ရုရှားကကိုကိုတွေပဲ အားအားရှိ လာလာကစ်နေကြတယ်။ ခင်ဗျားတို့ရည်းစား ဖြစ်ခွင့်ရတဲ့ ကြိုက်တဲ့ ရုရှားကကိုကိုတွေမှာ ခင်ဗျားတို့လို မြန်မာနိုင်ငံက မိန်းကလေးတွေကို အမှားများနဲ့ အတုယူနိုင်အောင် ဘ၀နဲ့ရင်းပြီး ဇာတ်လမ်းတွေ မလုပ်ဘူး၊ မရှိဘူး…။ ဒါပေမဲ့ ခင်ဗျားတို့ရဲ့ ဗွီဒီယိုမှတ်တမ်း တွေကတော့ အရမ်းကိုများလွန်း နေမှာသေချာတယ်။ ဒီဇာတ်ကားကို ထပ်ခါတလဲလဲ ကြည့်ချင်တာမဟုတ်ဘူး။ အဲဒီထဲက ကောင်မလေးနဲ့ တူနေမှာဆိုလို့ သေချာအောင် ကြည့်ရုံလေးပဲ။ နောက်ဆုံးတော့လည်း “ယိုသူမရှက် မြင်သူရှက်” သလိုဖြစ်နေရတာကို ခင်ဗျားတို့တွေ သိအောင်ပြောပြလိုက်ပါတယ်… တခါတလေ ညီမငယ်လေးတွေကို…. သူတို့တွေက အမှားသရုပ်ပြ နေကြတာပါလို့။ အတုမခိုးရဘူးလို့… သွန်သင်ပေးလိုက် ရသေးတယ်။ တော်ကြာ ငယ်ရွယ်တဲ့ ညီမငယ်လေးတွေ အားကျပြီး အတုမခိုး စေချင်တာကြောင့်ပါ။ ခင်ဗျားတို့လည်း အဲဒီဗွီဒီယို ဖိုင်တွေကို ပြန်ကြည့်ရမှာပါ။ မကောင်းတဲ့ ခိုးရိုက်ဗွီဒီယိုခွေတွေမှာ ရုရှားကကိုကိုတွေနဲ့ ဖြစ်တာလား…. ခင်ဗျားတို့မျက်စိမှိတ် ယုံကြည်တဲ့ လူတွေနဲ့ ဖြစ်ပြီး အကယ်ဒမီလျှော့ ရအောင် ဗွီဒီယိုမှတ်တမ်း တင်ထားတာလား….။ တစ်ခုကောင်းတာက ဒီဗွီဒီယိုခွေကိုပဲ သူတို့နဲ့ချစ်ကြိုက်ခဲ့တဲ့ လူတွေကပြန်လည် တင်ပြပေးလို့ အင်တာနက်ခေတ်ကြီးထဲမှာ အသက်(၁၈)နှစ် ကျော်ပြီးသူများ လက်ဝါးထင်ထင် မြင်တွေ့နေရပါတော့တယ်။ ခင်ဗျားတို့ယုံကြည်သော သူတွေသည် “ထန်းရည်မှုးတော့ ကျွဲခိုးပေါ်” ဆိုသလို အကုန်လုံးကို တောက်လျှောက် အင်တာနက်ဆိုဒ်သို့ တင်ပေးခြင်းဖြင့် ပညာဗဟုသုတတွေကို ရရှိရ၍ ကျေးဇူးတင်ရမလိုပဲ…။

နောက်တစ်မျိုးက ကိုယ်ချင်းစာကြည့်ကြပါ… အပေါ်မှာပြောခဲ့သလို မမတို့ညီမတို့ရဲ့ အချစ်ဇာတ်လမ်း ကြီးထွားပုံ၊ အနီးမှာရှိတဲ့ လူကိုရည်းစားလုပ်၊ တကယ်ပြတ်ဆဲ အားလုံးပြီးဆုံးသွားတော့ သင်ခန်းစာတွေရ၊ တည်ငြိမ်တဲ့ ဆုံးဖြတ်ချက်တွေနဲ့ အွန်လိုင်းပေါ်တက် ရုရှားကအမျိုး ကောင်းသားလေးတွေကို ပန်းကောင်းအညွှန့် ချိုးနေတာတွေ အများကြီးပါ။ ခင်ဗျားတို့ကသာ ပြောနေတာ မကောင်းဘူး၊ မကောင်းဘူးနဲ့ တကယ်တော့ ခင်ဗျားတို့ ပတ်ဝန်းကျင်တစ်ခုလုံးက ရုရှားကလူတွေကို တခြားနိုင်ငံတကာက ယောင်္ကျားတွေထက် ပိုပြီးနှစ်သက်မက်မော နေကြတာပဲမဟုတ်လား။ မှန်တာပြောရင် နာကြဦးမယ်။ ငယ်ရွှယ်မှုရှိတယ်…. နောက်ပြီး(၁၀)တန်း အောင်ပြီးကတည်းက တပ်ထဲရောက်နေကြပြီး အချိန်နှင့်တပြေးညီ ထမ်းဆောင်နေတဲ့ ကာလမှာ ရည်းစားထားတဲ့ လူသည် အရမ်းကိုရှားပါးလွန်းတယ်။ အချစ်နဲ့ပတ်သတ်ရင် အရမ်းနုနယ်တယ်။ ဒါကြောင့် ခင်ဗျားတို့က ကြိုက်ကြတာ… မယုံရင်မေးကြည့်ပေါ့။ တိုက်ဆိုင်သွားရင်တော့ စိတ်မကောင်းပါဘူး။ ၀မ်းနည်းပါတယ်။ ရည်းစားဖြစ်နေတဲ့လူတွေကို ကောင်းတဲ့ဘက်က မကြည့်ဖူးရင်တော့ မသိနိုင်ပါဘူး။ ဒီကြားထဲ ခုနကကောင်လေးက မြန်မာနိုင်ငံပြန်တော့ ရည်းစားအဖြစ် ရပ်ဆဲပြီး စိတ်နာနာနဲ့ အွန်လိုင်းပေါ်က ရုရှားရောက်ကိုကိုတွေကို ကျားကွက်ရွှေ့သလို ထိုးကျွေးတာကိုရော ခင်ဗျားတို့ မြင်သလား၊ ကြားဖူးသလား၊ တွေ့ဖူးသလား။ ဒါမျိုးတွေနဲ့ကျတော့ တန်ရဲ့လား စဉ်းစားမိလား။ သူကျတော့ ဖြစ်ချင်ရာဖြစ်ပြီးမှ နောက်ဆုံးရရာလေး တစ်ခုလောက် အမိအရဖမ်းဆုတ်ဖို့ ပြင်ဆင်တယ်။ သူ့ဘ၀ဖြစ်စဉ်တွေကို ဖုံးကွယ်ထားတာက အကြောင်းမဟုတ်ဘူး နားလည်ပေးလို့ရတယ်။ ရည်းစားဖြစ်ပြီးဆိုရင်တော့ စုံစမ်းမေးမြန်းရတော့မှာပဲ နောက်ကြောင်းမရှင်းတဲ့ မိန်းကလေး တစ်ယောက်ကို မြတ်နိုးတွယ်တာတဲ့ ချစ်ဇနီးမယား လုပ်ဖို့ဆိုတာ ပုခုံးအရမ်းကောင်းတဲ့ လူတွေပဲ ဖြစ်လိမ့်မယ်။ လူ“အ”တွေ လူနုံတွေမှ မဟုတ်တာ… အပြင်ကလူတောင် လက်ခံမလားလို့ ဒီခေတ်ကြီးမှာ မေးကြည့်ပါလား။ ရုရှားရောက်နေတဲ့ လူတွေကို မပြောပါနဲ့။ ခင်ဗျားတို့အထဲမှာ မောင်လေးအရင်းရှိရင် ပေးစားကြည့်ပါလား…. နွားမရွှံ့ပိတ် ရောင်းလိုက်လေ…. သဘောတူမလား… ဒီလိုဖြစ်ဖူးတဲ့ ဇရှိတဲ့ မိန်းကလေးကို ခင်ဗျားတို့ ဆွေးမျိုးသားချင်း တွေနဲ့တောင် သဘောမတူတာ ရုရှားကလူတွေနဲ့ကျတော့ သဘောတူ တတ်လိုက်တာ လွန်ပါရောလား…. ရှေ့စကားတွေ အရမ်းမှန်တယ်…. “၀ါဝါမြင်တိုင်း ရွှေအစစ်လို့” ထင်လို့မရဘူး…။

ဒီစာနှင့် ပတ်သတ်ပြီး မကျေနပ်ဘူး၊ မှန်ကန်နေတာ လက်မခံနိုင်ပါသဖြင့် ဖြေရှင်းချင်တယ်ဆိုရင် အပေါ်မှာ “Email address” ဖော်ပြပေးထားပါတယ်။ အကြောင်းအရာ၊ အချိန် နှင့် ဘာတွေပြောပြီး ဘာတွေလုပ်ခဲ့ကြသည် ဟူသောအချက်နှင့် ထိုအချိန်တုန်းက ဓာတ်ပုံတွေကအစ အားလုံးယနေ့တိုင် မပျောက်မပျက် ထိန်းသိမ်းထားသည့် လူများရှိသည့်အတွက် အားလုံးကို ပြောနိုင်ပါတယ်။ ခင်ဗျားတို့မှ လူနာမည်နှင့်နေရာ တွေအတိအကျ ဖော်ပြနိုင်တယ် ထင်နေမှာဆိုးလို့ပါ။ ဒီနေရာမှာ တစ်ခုမေးချင်တာက ရုရှားရောက်ကိုကို များအား တိုက်ခိုက်ပြောဆိုထားတဲ့ စာကိုရေးသားသူ၊ ၀ါဒဖြန့်ဝေသူ ကာယကံရှင်ကရော သူရေးတဲ့စာကိုတာဝန်ယူ ဖြေရှင်းနိုင်လား။ ဘာတွေကို သိလို့ရေးတာလဲ… နားစွန်နားဖျားလောက်နဲ့ တစ်ဘ၀လုံး မကျေနပ်သမျှတွေ ပုံချဖို့စိတ်ကူး နိုင်ငံရေးတွေပါ ပါလာရင် ဘယ်လောက်ကောင်းမလဲ… ဆိုတဲ့ခင်ဗျားတို့ရဲ့ ဥာဏ်ဆင်မှုတွေကို ပြောင်းလဲသင့်တာ ကြာမြင့်နေပါပြီး…။ နောက်တစ်ခု ထပ်ပြောချင်တာက ဒီစာကိုဖတ်ရပြီး ဒေါသဖြစ်ခြင်း နှစ်ဆထပ်တိုးပါ။ ဂရုကိုမစိုက်ဘူး၊ ရုရှားကလူတွေက ခြေထောက်ပေါက်ပြီး သူများနိုင်ငံလျှောက်သွားပြီး နှမချင်းမစာမနာ လိုက်ဖျက်ဆီးနေခြင်း မဟုတ်တာတောင် “ခင်ဗျားတို့က ခလုတ်တိုက်မိတိုင်း (ခလုတ်ထိတော့ အမိတ) အမေလို့အသံမထွက်ပဲ (ခလုတ်ထိတော့ ရှားကိုကို) ရုရှားကကိုကို တို့လုပ်လို့ဆိုပြီး ရုရှားကကိုကို၊ မောင်မောင်နှင့် ဖြစ်ခဲ့တာပါ၊ အာမေဋိတ်အသံမှာတောင် စွဲလမ်းစိတ်က အံ့မခန်းပါပဲလား။ ကောင်းသော တမ်းတခြင်းတော့ မဟုတ်ဘူး” ယခုလို့ အင်တာနက်စာမျက်နှာတွေမှာ ခင်ဗျားတို့သာ ဘာမှမပြောရင် ရုရှားရောက်လူတွေက ဘာမှပြောစရာ မလိုပါဘူး။ သို့သော် ခင်ဗျားတို့ဘက်ကအရင်ရေးတဲ့ စာကိုသေချာ ပြန်ဖတ်ပြီးမှ ဒီစာဘာကြောင့် ဖြစ်ပေါ်လာပုံ အဆင့်ဆင့်ကို နားလည်ပြီးလျှင် ဒေါသထွက်ခြင်း ၀မ်းနည်းခြင်း၊ စာနာခြင်းတွေ ကြိုက်သလိုသာ လုပ်နိုင်ပါတယ်။ ခင်ဗျားတို့မှာပဲ စိတ်ရှိတာမဟုတ်ဘူး၊ လူတိုင်းလူတိုင်းမှာ စိတ်ဆိုတာရှိတယ်။ အဲဒီစိတ်သည် အဆိုးမရဘူး။ ရုရှားကခင်ဗျားတို့ ကိုကိုတွေက ခင်ဗျားတို့မကောင်းပါဘူး၊ ခင်ဗျားတို့က ဘာကြီးပါလို့ လိုက်ပြောနေလို့လား။ ခင်ဗျားတို့ မကျေနပ်လို့ ရေးသလိုပဲ၊ ရုရှားရောက်ကိုကို တစ်ဦးကလည်း မကျေနပ်လို့ ရေးတယ်လို့ သဘောထားနိုင်တယ်။ “ပွင့်လင်းစွာပြော ရိုးသားစွာ ၀န်ခံထားတယ်” ကြိုက်တဲ့ပုံစံမျိုးဖြင့်လည်း ဒေါသထွက်နိုင်တယ်၊ မကျေနပ်ရင် ခင်ဗျားတို့ကိုယ်တိုင် ဖြစ်စဉ်လေးတွေကိုသာ ဖန်တီးပြီး စမ်းသပ်ကြည့်လိုက်ပါက ဘယ်လိုအကြင်နာတွေဖြင့် နွေးထွေးစွာ ကြိုဆိုနေတယ်ဆိုတာကို ပြောချင်သော်လည်း မျက်စိစုံမှိတ်ပြီး ငြင်းခုန်နေမဲ့ ပုံသဏ္ဍာန်တွေကို မြင်ယောင်မိတာကြောင့် မတိုက်တွန်းတော့ပါဘူး….။ အချိန်မရွှေးတံခါး ဖွင့်ထားပါတယ်။ ရာသီဥတုအားဖြင့်တော့ ဒီအချိန်အေးနေ လောက်ပါတယ်။

ရုရှားကကိုကိုတွေမှ ကောင်မလေးတွေကို ခေါ်တတ်တာမဟုတ်ဘူး… ခေါ်တိုင်းလာရအောင်လည်း အဲဒီမိန်းကလေးက ဆယ်ကျော်သက်မဟုတ်၊ ကိုယ်ပိုင်ဦးနှောက်စဉ်းစား ဥာဏ်ရှိပြီး နိုင်ငံခြားမှာနေလာတာ အနည်းဆုံး (၄)နှစ်အတွင်း ဆရာကြီးသဘာကြီးတွေ ဖြစ်နေပါပြီး။ မသိရင်ပဲ ခင်ဗျားတို့က လူကောင်းတွေ ရုရှားကလူတွေ့က လူဆိုးတွေပေါ့… ရုရှားကကိုကိုတွေ၊ မောင်မောင်တွေကပဲ သူတို့ကို မြူဆွယ်သိမ်းသွင်း နေတာကျနေတာပဲ။ ခေါ်တိုင်းသွားတယ်လို့ ပြောလိုက်ခြင်းမဟုတ်ပေမဲ့၊ အခုလည်း တစ်ယောက် သွားတော့မယ် သူတို့အတွက်တော့ ရင်လေးပါတယ်တဲ့။ လုပ်ပုံက အများအမြင်မှာ တော်တော်ကို သိက္ခာသိပ်ရှိတဲ့ပုံပေါ့။ ရုရှားကိုလာလို့ မုဒိန်းမှုဖြစ်ပြီး ပြန်သွားရတယ်လို့ ဘယ်တုန်းက ကြားဖူးသလဲ။ ကြားဖူးတာက ဒူဘိုင်းမှာ မုဒိန်းမှုဖြစ်တယ်။ မြန်မာမိန်းကလေးတွေ ကြောက်နေရတယ်ဆိုတာ ခင်ဗျားတို့တွေ ပို့နေတဲ့ “Forward Mail” တွေကပဲ ဖတ်ရပါတယ်။ သူ့ဘာသာ လာတာပဲ… ခေါ်တိုင်းလာတယ် ဆိုရင် ခင်ဗျားတို့သူငယ်ချင်းသည် ဘယ်အဆင့်ကို ရောက်သွားမလဲဆိုတာ စဉ်းစားမိမှာ မဟုတ်လောက်ပါဘူး။ ခင်ဗျားတို့အမည်တပ် ခေါင်းစဉ်ရိုက်နေတာ လွဲမှားနေတာကို ထောက်ပြတာပါ။ နိုင်ငံတကာမှာ ရှိတဲ့မြန်မာတွေ အားလုံးလည်း ကိုယ့်ချစ်သူကို သူတို့ဆီရောက်အောင် ခေါ်တတ်ကြတယ် ဆိုတာကို မမေ့ပါနဲ့။ နေရာတကာ ရုရှား…ရုရှား လုပ်မနေပါနဲ့။ ခင်ဗျားတို့ ပတ်ဝန်းကျင်မှာရှိတဲ့ လူတွေကိုလည်း ပြန်ကြည့်လိုက်ဦး။ အခြောက်တွေ မဟုတ်သလို၊ ကိလေသာ ကုန်ဆုံးနေတာလည်း မဟုတ်ဘူး။ မိန်းမတွေပဲ တည်ထောင်ထားတဲ့ တိုင်းပြည်လည်း မဟုတ်ဘူး။ အနီးဆုံး ရန်သူသည် အကြောက်ရဆုံးဆိုတာကို ထည့်တွက်ထား စေချင်တယ်။ “တောမီးလောင်တော့ တောကြောင်လက်ခမောင်း” တဲ့… မှတ်ထား အခြားသူများ၏ ဘေးဒုက္ခအခက်အခဲ ကြုံနေရသည့် အချိန်တွင် သူယုတ်မာတို့ ကောက်ကျစ် စဉ်းလဲစွာ အကျိုးအမြတ် ရှာတတ်ခြင်းကို ရှုတ်ချတတ်ဖို့ ဒီဥပမာလေးကို ပေးတာပါ။ ဥပမာရဲ့ ရည်ရွယ်ချက်ကို နားလည်ဖို့ပဲ လိုတယ်။ မဆိုင်တာတွေ ဆွဲမထည့်ချင်ဘူး ဒီလောက်ဆို သဘောပေါက် နားလည်လိမ့်မယ်လို့ ထင်ပါတယ်။ ခင်ဗျားတို့လည်း တကယ်ချစ်တဲ့လူနဲ့ တွေ့ရင်ဘယ်လို ဆုံးဖြတ်မလဲ။ မိန်းကလေးကို ခေါ်ဖို့အတွက် လွယ်တယ်များ ထင်နေလို့လား…။ အခက်အခဲတွေ အများကြီးပဲ၊ တစ်ဖက်သတ် မပြောပါနဲ့… နှစ်ဦးနှစ်ဘက်စလုံး ကြိုးစားရတာပဲလေ။ အဓိကက စိတ်မောတယ်၊ ပြီးမှလူမောမယ်၊ ပြီးရင်ငွေသွန်မယ်။ ဒီလူနှစ်ယောက် ချစ်သူတွေဖြစ်ပြီး တစ်ယောက်ရဲ့စိတ် တစ်ယောက် ပိုင်ဆိုင်မယ်။ နေ့တိုင်းညတိုင်း သူတို့တွေ ရင်းနှီးမှု့တွေ ဖြစ်လာပြီးမှ ချစ်သူဆီကို လာတဲ့အဆင့်ကို ရောက်လာတာပါ။ ခင်ဗျားတို့ပြောသလို လွယ်လွယ်နဲ့ မိန်းကလေး တစ်ယောက်ကို ခေါ်လို့ရနေတာမှ မဟုတ်တာ။ အဆင့်အတန်းဆိုတာ ရုရှားရောက်ကိုကိုများက ကန့်သတ်နေတာမဟုတ်ဘူး။ အခုလောလောဆယ် အပေါ်မှာပြောခဲ့တာနှင့် ခင်ဗျားတို့လူလယ်ခေါင်မှာ ဖွင့်ဟပြလိုက်တဲ့ စကားလုံးတွေကြောင့် တန်ပြန်ခံရတာပဲ။ ဘာမှပြန်မပြောတော့ ငါတို့လုပ်တာအမှန်ဆိုပြီး မာနတွေဇွတ်တက်နေတာ၊ ရှုပဗေဒသဘောအရ ပြောရရင်တော့ သက်ရောက်မှုတိုင်းမှာ တန်ပြန်သက်ရောက်မှု ဆိုတာရှိတယ်။

ကြည်ဖြူလို့ သူတို့ချစ်သူနှစ်ယောက် ဘ၀ခရီးလမ်းကို ဖောက်တာမှားရင်လည်း ခံပေါ့။ မှန်ရင်လည်းစံပေါ့လေ။ မဖြစ်ခင်က ရအောင်တားဆီးကြပါလား အရာအားလုံးဖြစ်ပြီးတော့မှ ဘယ်သူကမှန်တယ် ဘယ်သူကမှားပါတယ် ပြဿနာတစ်ခုမှား အမှန်အမှားတော့ ရှိမှာပဲလေ။ အရာအားလုံးသည် လူတစ်ယောက်ထဲ အပေါ်အမြဲတမ်း အပြစ်ပုံကျမနေသလို အပြစ်ပုံလည်းမချသင့်ဘူး။ အခုဖြစ်နေတာ ဘာမှလုပ်လို့ မရတော့လျှင် နောက်ဆုံးတော့ ရုရှားကကိုကိုတွေ မကောင်းဘူးတဲ့။ ကောင်းမကောင်းသိချင်ရင် ခင်ဗျားတို့ရဲ့ သူငယ်ချင်းလာတုန်းက ဘယ်လိုဧည့်ခံလိုက်သလဲ မေးကြည့်ပါလား။ မကောင်းဘူးလို့ ပြောရအောင် ဘာနဲ့တိုင်းတာလို့လဲ… ပြောတဲ့လူကရော ဘယ်နှကြိမ်လောက် ဒီကိုရောက်ဖူးလို့လဲ။ ပြောရင်လည်း နာဦးမယ်။ အိမ်မှာသူငယ်ချင်းတွေနဲ့ ဆုံလို့အတင်းပြောတာလောက်က လက်ခံနိုင်ပါတယ်။ အင်တာနက်မှာ ဖွင့်ဟပြရလောက်အောင် ခင်ဗျားဘ၀ ဘာတွေစွန်းထင်သွားလို့လဲ။ သူငယ်ချင်းဘက်က နာတယ်ဆိုတာ လက်ခံလို့ရတယ်။ တစ်ဖက်မှာလည်း သူငယ်ချင်းတွေ မိတ်ဆွေတွေ ရှိတယ်ဆိုတာ လုံးဝ(လုံးဝ) မမေ့အပ်သင့်ဘူး။ ကြားသုံးကြားဆိုတာ မ၀င်ကောင်းဘူး။ ဒါပေမဲ့ ခင်ဗျားကိုယ်တိုင် သတ်မှတ်ထားတဲ့ ကြားထဲမှာ အဲဒီသုံးကြားမပါရင်တော့ မသိဘူးပေါ့။

ရုရှားကကိုကိုတွေလို့ နာမည်တတ်အပုတ်ချရအောင် ကောင်မလေးရှိတဲ့ နေရာကို သွားရောက်လည်ပတ် ပျော်ပါးခဲ့ခြင်းဖြင့် မဟုတ်တာတွေ လုပ်ပြီးလွင့်ပစ်စွန့်ပစ် ခဲ့တာလည်းမဟုတ်ဘူး။ လူတိုင်းမှာ ရှောင်လွဲလို့မရတဲ့ အခက်တွေ ရှိနိုင်တယ်။ မိန်းကလေးက သဘောတူလို့ ရုရှားကိုလာပြီး သူ့ချစ်သူကို လာတွေ့တာပဲ။ ခင်ဗျားတို့နဲ့ဘာများ ဆိုင်လို့လဲ နေတတ်ရင် ကျေနပ်စရာပါ။ အဲဒါကို ဘာလို့အခုလည်း တစ်ယောက်သွားတော့မယ်၊ ဘာတွေဆက်ဖြစ် လာအုံးမလဲဆိုတာ စောင့်ကြည့်ရ အုံးမယ်ဆိုတော့ ဒီမိန်းကလေးကို ရုရှားကလူတွေက ဘယ်လိုပြုမှု ဆက်ဆံလိုက်လဲ ခင်ဗျားတို့ကပဲ အားလုံးကြိုသိနေသလို ကြိုပြီးခံစားနေသလို၊ ခံစားဖူးသလို ဖြစ်မနေဘူးလား။ သူတို့ချစ်ကြလို့ အဆင်ပြေကြလို့ အချစ်ကိုပေးဆပ်ဖို့၊ အင်တာနက်မှာ ချစ်တာမို့ အရမ်းတွေ့ချင်လို့ မည်သို့ပင် ဖြစ်စေကာမှု ရိုင်းစိုင်းစွာဖြင့် ပြုမှုဆက်ဆံခဲ့တာ ရှိရင်ခေါ်လာခဲ့၊ ခင်ဗျားတို့ကမှ သူငယ်ချင်းမဟုတ်ပါဘူး။ ရုရှားရောက်ကိုကိုတွေမှာ သူငယ်ချင်းစိတ်ဓာတ် အဖွဲ့အစည်း စိတ်ဓာတ်ဆိုတာ အပြည့်ရှိပြီးသား၊ ခင်ဗျားတို့ နာပြီးရေးတယ်ဆိုတာ သနားတယ်။ ခင်ဗျားတို့က နိုင်ငံခြားရောက်မှ ရင်းနှီးကြတာ။ ရုရှားကကိုကိုတွေက သွားမလုပ်နဲ့ အမိကျောင်းတော် ကတည်းက အတူတူကြီးပြင်းခဲ့ရတာ… ခင်ဗျားတို့ရေးတယ်ဆိုတာ အိပ်နေသလောက်ပဲ ရှိတယ်။ ခင်ဗျားတို့လို “ကိုယ့်ဂုဏ် ကိုယ်ဖော် မသူတော်” တဲ့အလုပ်တွေ မလုပ်ချင်လို့ အေးဆေးနေနေတာပဲ ရှိလိမ့်မယ်။
ဘာကိုမှနှိုင်းယှဉ်မပြဘူး ခင်ဗျားတို့မြင်အောင် ကြည့်တတ်ဖို့တော့ လိုလိမ့်မယ်။ ပုခုံးဖက်ပေါင်းလာတဲ့ ညီအစ်ကိုတွေ စိတ်ဓာတ်ရေးရာပိုင်းမှာရော၊ စည်းလုံးတဲ့အပိုင်းမှာရော အများကြီးကွာတယ်ဆိုတာ သာဓက အနေဖြင့် ခင်ဗျားတို့ရေးတဲ့ပို့စ်အောက်မှာ ဘာတွေလုပ်သွားသလဲ… ဒါမှမဟုတ် ဘယ်သူတွေနာမည် ကြီးသွားသလဲ။ တွက်ကြည့်ကြပါ… ခင်ဗျားရဲ့အကြောင်းကို “က မှ အ” ထိ အကုန်သိတဲ့ လူတစ်ယောက်ကို ဆန့်ကျင်ပြီး အော်ဆဲနေလို့ ဘာထူးမှာလဲ။ ခင်ဗျားက အထောက်အထား တစ်ခုလောက်ပဲ ပြထားတာ။ ခင်ဗျားပြန်ရ လိုက်တာတွေက ပိုးစိုးပက်စက်ပါပဲလား။ ရည်ရွယ်ချက်မရှိပါဘူး…. ခင်ဗျားတို့ ဘက်ကစလာလို့ အနည်းငယ် စာမှုပို့ချတာလောက်ပဲ ရှိတာပါ။ နာသွားပြီးလား မနာပါနဲ့ မှန်တာကို ပြောလိုက်ခြင်းဖြစ်ပါတယ်။ နောက်ထပ် ဆက်ဖတ်ပါအုံး….။
ယခုပို့ချမည့် စာမှုတွေကိုလည်း ကြိုက်လိမ့်မယ်လို့ ယုံကြည်ပါတယ်….. ဒါဆိုရင်တော့ စပြောပြမယ်…. သေချာနားထောင်ကွယ်….။
ဟို….လွန်ခဲ့တဲ့ နှစ်နှစ်လောက်ကပေါ့…. စင်္ကာပူဆိုတဲ့နိုင်ငံက ကောင်မလေးတစ်ယောက်နှင့် ရုရှားကကိုကို တစ်ယောက် ချစ်ကြိုက်ခဲ့ကြပါတယ်။ သူတို့နှစ်ယောက် ချစ်ကြိုက်ခဲ့ပုံက အံ့မခန်းလောက်အောင် ဖြစ်နေခဲ့သော်လည်း အရာအားလုံးပြီးဆုံး သွားချိန်မှာ ဘာမှမဖြစ်လိုက် သလိုပါပဲလား။ “ကောင်မလေး တစ်ယောက်နှင့် ရည်းစားဖြစ်တဲ့ အချိန်မှစ၍ သူ့အလိုကိုလိုက် အကြိုက်ဆောင်ခဲ့မိသမျှ ခြေစုံကန် ထွက်ခွာသွားရတဲ့အထိ လုပ်ရက်တဲ့ မိန်းကလေးတစ်ဦးကြောင့် နာကြီးမှုတွေ ဖြစ်ခဲ့ရပါတယ်။ မိန်းကလေး တစ်ယောက်ကြောင့် ခံစားလိုက်ရတာတွေကို ခင်ဗျားတို့ သူ့နေရာဝင်ပြီး ခံစားပေးဖူးလား… ခင်ဗျားတို့က အပြစ်လောက်ပဲ ရှာနေတာ… ကိုယ့်ကအပြစ်လုပ်ရင် မသိချင်ယောင် ဆောင်နေတတ်ကြတယ်” လူတစ်ယောက်ကို ကိုယ့်ရဲ့အပျော် စိတ်ခံစားမှုအတွက် အသုံးချတာ ယောင်္ကျားတွေပဲလို့ မထင်လိုက်ပါနဲ့။ မိန်းကလေးတွေမှာလည်း ရှိတတ်ကြတယ်။ တစ်ရွာ တစ်ကျီဆောက်ချင် ကြတဲ့အခါ သစ္စာ၊မေတ္တာတွေ ထားပြီးချစ်တဲ့ လူအဖို့ ပြန်စဉ်းစားပေးသင့်ပါတယ်။ သူတို့နှစ်ယောက် ခင်မင်ခဲ့တဲ့ သက်တမ်းဟာ အနည်းဆုံး (၂) နှစ်ရှိပါတယ်။ ၂ နှစ်ကျော်လောက်မယ် ထင်ပါရဲ့။ ဒီအချိန်အတိုင်းအတာမှာ မိန်းကလေးစိတ်ကို တော်တော်သိပြီးလို့ ထင်ခဲ့တာ၊ ဒါတောင် ကျောင်းကပြန်လာပြီး ညပိုင်းဆိုရင် အမြဲတမ်းပြောနေကြပေါ့။ လုပ်စရာရှိတာတောင် ခဏထား၊ အဲဒီမိန်းကလေး အိပ်မှစားသောက်ဖို့လုပ်၊ မနက်ဖြန်အတွက် အိမ်စာလုပ်ရနဲ့ အချိန်တွေများ ပေးဆပ်လိုက်ရတာ။ ဘာပဲဖြစ်ဖြစ် ကျောင်းပြန်တာ နောက်ကျတဲ့ နေ့တွေမှာ ကောင်မလေးနဲ့ ထပ်ပြီးပြောရတော့ အချိန်က ပိုပို၍သာ နောက်ကျလာတာပေါ့။ အဲလိုနောက်ကျရင် လုပ်ရမယ့် အစီအစဉ်တွေ နောက်ကျသွားမယ်… စာလုပ်ပြီး အိပ်မယ့်အချိန်မှာပါ နောက်ကျတော့ အိပ်ရေးကမ၀ချင်ဘူး။ နောက်နေ့မနက် ကျောင်းကအစောကြီး ထသွားရတယ်။ စဉ်းစားကြည့်ကြပါ… မိန်းကလေးကပဲ ပေးဆပ်နေတယ်လို့ မထင်လိုက်ပါနဲ့ လောကမှာအချစ်စိတ်သည် တော်တော်ဆန်းကြယ် လွန်းပါတယ်။ ကျွန်တော်တို့ခင်ဗျားတို့ အပြင်လူတွေက သူတို့နှစ်ယောက်ကို သွားဝေဖန်ဖို့ ခက်ခဲလွန်းပါတယ်။ ဘယ်လိုအခက်အခဲတွေပဲ ရှိရှိ ချစ်သူသက်တမ်း တစ်နှစ်အထိ လက်တွဲလာခဲ့တာ ပြဿနာကြီးကြီးမားမား မရှိခဲ့ဘူး။ ခင်မင်ခဲ့တာက တစ်နှစ်ဆိုရင် နှစ်နှစ်ဆိုတဲ့ သံယောဇဉ်ရှိလိမ့်မယ်။

ဒါပေမဲ့ အဲဒီကောင်မလေး ပုံစံတွေ ပြောင်းလာတဲ့အချိန်ကို သတိထားမိလာတယ်လို့ ပြတ်သွားတဲ့ အချိန်မှာ ပြောပြပါတယ်။ စင်္ကာပူမှာတုန်းကတော့ စကားမပြောရရင် စိတ်ကောက်တတ်တဲ့ မိန်းကလေး… သူနဲ့ပဲပြောမှ နောက်ဆုံး အိမ်သာတက်တာကအစ သူသိမှဖြစ်တာမျိုးတွေ။ “Team view software” တွေကို အသုံးပြုပြီး ကောင်လေးရဲ့ ကွန်ပျူတာကို ၀င်ပြီးကြည့်တတ်တဲ့ မိန်းကလေး တစ်ယောက်သည် မြန်မာနိုင်ငံကို ပြန်သွားတဲ့ အချိန်မှာတော့ နည်းနည်းအချိုးပြောင်းသွားခဲ့တယ်။ ထားပါတော့ အင်တာနက် အခက်အခဲတွေ၊ အိမ်မှာအဆင် မပြေတာတွေ၊ ဆိုဒ်ဗာဆိုတော့ စကားပြောရဆိုရ အဆင်မပြေလို့ ရပါသေးတယ်။ ခင်ဗျားအနေနဲ့ သိချင်မလားတော့ မသိဘူး ကျွန်တော်ကအရမ်းကို သိချင်နေတယ်။ ဒီယောင်္ကျားကို မယူနိုင်ရင် ဘာလို့ စင်္ကာပူမှာ နေတဲ့အချိန် (၂)နှစ်ကို စိတ်ခံစားမှုအတွက် အသုံးချနေတာလဲ။ ဒါ့အပြင် မြန်မာနိုင်ငံ ပြန်ရောက်တဲ့အခါမှာ ဘာလို့များ ကောင်လေးအိမ်ကို သွားရတာလဲ။ ကောင်လေးအိမ်က မိသားစုတွေနဲ့လည်း အဆင်ပြေအောင် ပေါင်းသင်းခဲ့ရတာလဲ….။

သူ့ကောင်လေးကလည်း ရုရှားကနေပြန်လာဖို့ သိပ်မလိုတော့ဘူး။ မိဘတွေနဲ့လည်း ပြောပြီးလို့ ကောင်မလေးတောင် ကောင်လေးအိမ်ကို တံခါးမရှိဓားမရှိ ၀င်ထွက်နေပြီး၊ ကောင်လေးက ယူနိုင်လို့ပဲ အိမ်ကို ဖွင့်ပြောပြီး ကောင်မလေးလည်း အားလုံးနဲ့ အဆင်ပြေနေတယ်။ မိဘတွေနဲ့ အဲဒီသူ့ကောင်လေးနဲ့ အင်တာနက်မှာ စကားပြောတယ်ဆိုရင် သူပါလိုက်လာတယ်။ အစ်မတွေကိုလည်း ယောင်းမ၊ယောင်းမနဲ့ တစ်အိမ်လုံးကို မွှေတော့မယ့်အထာနဲ့ Webcam ပြတဲ့တစ်ချို့အချိန်တွေမှာ ဘေးကတစ်ခန်းတည်း နေသူတွေ တွေ့နေရတာ ကောင်းတယ်ကွာ… အေးဆေးပေါ့။ အားလုံးက ၀မ်းသာပြီး၊ ချီးကျူးထောပနာ ပေးကောင်းတုန်း မှာပဲ… သူတို့နှစ်ယောက် အဆက်ပြတ်လာကြတယ်။ မြန်မာနိုင်ငံမှာ နေတဲ့သူငယ်ချင်းတွေရဲ့ စုံစမ်းရတာကို ပြောပြတာကို ကောင်လေးအနေနဲ့ ဘယ်လက်ခံနိုင်မလဲဗျာ…။ ဘာကြောင့်လဲ…. အိမ်နဲ့လည်း အဆင်ပြေနေတယ်၊ ပြဿနာလည်း မရှိဘူး၊ ရုတ်တရပ်မှာတော့ ဘယ်ခံနိုင်မလဲ၊ နောက်ပိုင်းမှာတော့ နောက်တစ်ယောက်နဲ့ တွဲသွားတွဲလာ လုပ်နေတယ်ဆိုတာ အမှန်အတိုင်း ဖြစ်လာခဲ့တယ်။ “ငါ့သမီးလေး တော်ပါတယ် တော်ပါတယ်နဲ့ ယောင်းမမြင်းစီးထွက်တာ” ဒါမျိုးလားတော့မသိဘူး။
ပုံမုန်လာတွေ့တဲ့ အချိန်တွေမှာလည်း မလာတော့ဘူး၊ သေချာနေပြီး အချိုးတွေပြောင်းလဲသွားပြီး၊ ဘေးကလူတွေက သတိထားလာမိတယ်၊ သူငယ်ချင်း မင်းကောင်မလေးနဲ့ ဘယ်လိုလဲ အဆင်ပြေရဲ့လားလို့ မေးတဲ့အချိန်မှာတော့ သူနဲ့မတွေ့တာ တစ်လလောက် ရှိတော့မယ်တဲ့။ ငါကတော့ စောင့်နေတာ… ဒါဆိုရင် သူ့သူငယ်ချင်းတွေရော မင်းသူငယ်ချင်းတွေရော ထပ်စုံစမ်းခိုင်းကြည့်လေဆိုမှ မေးမြန်းစုံစမ်းသောအခါ သူ့အိမ်ကပေးစားတဲ့ လူနဲ့စေစပ်သွားပြီးတဲ့… ဒါကြောင့် အင်တာနက်ကို လာပြီးမပြော နိုင်တော့တာပါတဲ့… သူ့အစ်မနဲ့ ရုရှားကကောင်လေးနဲ့ သိတယ်။ အတွေ့တောင် မခံရဲဘူး။ ရှက်လို့တဲ့၊ အခုတော့လည်း အားလုံးတည်ငြိမ်နေပြီးလို့ ကြားသိရ၍ ၀မ်းသာစရာပါပဲ။ ထိုအချိန်တုန်းက ဘယ်လောက်ခံစားလိုက်ရမလဲ… သူ့ရည်းစားဖြစ်တဲ့ ရုရှားကကိုကိုကလည်း ပြန်ဖို့ သိပ်မလိုတော့ဘူး။ တကယ်ချစ်တယ်ဆိုရင် ကောင်လေးမိဘတွေနဲ့လည်း အဆင်ပြေနေပြီး၊ ဒါကိုခဏလေး လောက်မှ မစောင့်နိုင်တော့ဘူးလား။ တစ်ဖက်လူမှာတော့ မျှော်လင့်ချက်တွေနဲ့ အိမ်ပြန်ရင်ချစ်သူနဲ့ တွေ့ရဖို့ အားလုံးပြင်ဆင် ခွန်အားတွေနဲ့ ရှေ့ဆက်နေတဲ့အချိန်မှာ… သူ့ကောင်လေးက ရုရှားကနေ ပြန်လာဖို့ တစ်နှစ်လောက်တောင် မလိုတော့ဘူး။ တကယ်လို့ အိမ်ကပေးစားမယ်ဆိုရင်လည်း ကိုယ့်ချစ်သူကို ကောင်းကောင်းမွန်မွန် ရှင်းပြပေါ့။ အဲလိုရှင်းပြပြီး လမ်းခွဲလိုက်တယ်ဆိုရင် ခံစားရတဲ့သူအတွက် အနည်းငယ် သက်သာရာ မရောက်ဘူးလား။ မချစ်လို့မှ မဟုတ်တာ… သူ့မှာအခက်အခဲတွေ ရှိလို့ဆိုပြီး နားလည်နိုင်သေးတယ်။ အခုတော့ နှစ်နှစ်တိတိ ထားရှိခဲ့တဲ့ သံယောဇဉ်၊ ချစ်သူလောက် ရင်းနှီးမှုရှိပြီး ပွင့်လင်းစွာ ပြောဆိုနိုင်မည့်သူ ရှိအုံးမလား။ ဘေးကကြည့်ရတဲ့ သူအဖို့ စိတ်မကောင်းဖြစ်လိုက်တာ အရမ်းသနားဖို့ ကောင်းတယ်။ ဒါတွေကို ဘယ်သူစာနာပေးသလဲ… ကိုယ်ချင်းစာဖူးလား၊ အခုလိုဖြစ်တာရော ရုရှားကကိုကို လုပ်တာပဲလား…။

နောက်တစ်ယောက်က သူ့အတွက်ပိုကောင်းနေတယ်လို့ သူသတ်မှတ်တယ် ဆိုတာထက် သူ့ကောင်လေး အိမ်ကိုမသွားသင့်သလို မိဘတွေကိုလည်း အားနာသင့်တယ်။ သူ့ကို သတ်မှတ်ကြတော့မှာပေါ့။ မျက်နှာပြောင် တိုက်တက်လွန်းတဲ့ မိန်းကလေးပါလား…. တော်သေးတာပေါ့… ငါတို့သားနဲ့ မရတာ။ ရည်းစားတစ်ယောက်ကို ရင်တောင်မဆိုင်ရဲဘူး၊ ပြတ်တယ်ဆိုတာတောင် မပြောသွားဘူး။ မြန်မာနိုင်ငံ ပြန်ရောက်ပြီးပဲ အစအနဖျောက်လိုက်ရင် ပြီးသွားမယ်လို့ ထင်နေခဲ့တာလား။ အမြဲတမ်းသူ့သတင်း ရုရှားရောက်ကိုကိုက နားစွင့်နေခဲ့တယ်။ ခင်ဗျားတို့ခံစားကြည့်ပါ…. ကိုယ့်ချစ်သူက ယူမယ်လည်း ပြောတယ်။ အားလုံးလည်း အိုကေနေတယ်။ ပြီးတော့ နောက်တစ်ယောက်နဲ့ ဘာမပြောညာမပြော စေ့စပ်လိုက်တယ်။ မကြာခင် ယူမယ်တဲ့… လုပ်ရက်က မရက်စက်လွန်းဘူးလား။
အားလုံးရဲ့ အဆုံးသတ်မှာတော့ အဲဒီမိန်းကလေး ဘာဖြစ်သွားလဲ သိကြလဲ…. အခုအိမ်ထောင်နဲ့ ကွဲသွားတယ်။ ရုရှားကကိုကို မြန်မာနိုင်ငံသို့ ပြန်ခါနီးမှာပဲ သူတို့ကွဲသွားကြတယ်လို့ သူ့သူငယ်ချင်းတွေက သတင်းပေးပို့ ကြတယ်။ ဘယ်လောက်ပေါင်းလိုက်ရသလဲ… ဘာတွေသူခံစားလိုက်ရသလဲ… ဒါသူ့ဘက်ကမမှန်မကန်လို့ ဖြစ်တာပဲ။ စဉ်းစားလေ…အိမ်ထောင်တစ်ခုပြုတာ လွယ်လွယ်နဲ့ဆုံးဖြတ်လို့ ရမလား။ ဖြစ်ပြီးတော့ ဒို့နောက်ဆုတ်ဖို့ မလွယ်တော့ဘူးလေ… နောက်ဆုတ်တော့ ဘာဖြစ်သွားလဲ အခုကွဲပြဲပြီးမဟုတ်လား။ ဒါထက်ဆိုတာက သူယူတဲ့ယောင်္ကျားနဲ့ ကွဲအပြီးမှာ ပြန်ဆက်သွယ်နေတယ်လို့ သိရတယ်။ ဒါပေမဲ့ ဟင်းသီးဟင်းရွက်တွေကို ရေဆေးရင်ပြောင်ပါတယ်။ သူ့မှာကပ်နေတဲ့ အညစ်အကြေးတွေနဲ့ အိမ်ထောင်ကျဖူး တယ်ဆိုတဲ့ အမည်းစက်တွေကို အဖြူရောင်နဲ့ဘယ်လောက် ဖုံးဖုံး “ဆင်သေကို ဆိတ်ရေဖြင့်ဖုံး၍ မလုံနိုင်ပါ” ။ ရုရှားလူတွေက ရပါတယ်ဆိုပြီး လုပ်လာတဲ့ပုံစံတွေ ခင်ဗျားတို့ မြင်ပြီးမဟုတ်လား။ ပုခုံးကသစ္စာမရှိတဲ့ မိန်းကလေးတို့ရဲ့ ဘ၀ကိုထမ်းဖို့အတွက် မဟုတ်ဘူး၊ မဖြစ်နိုင်ဘူး။ ဖြစ်နိုင်တာကတော့ အားလုံးပြီးဆုံးသွားပြီး။ “ဒီယုန်မြင်လို့ ဒီချုံထွင်တာပဲ” ယုန်မတွေ့မှ အရင်နေရာပြန်လာလို့ ဘယ်ရတော့မလဲ…။

အခွင့်အရေးဆိုတာ တစ်ခါပဲယူလို့ ကောင်းပါတယ်။ သစ္စာရှိရှိနဲ့ ချစ်တဲ့သူကိုတော့ ကောင်းတယ်မမြင်၊ “အိမ်ထောင်မှု ဘုရားတည် ဆေးမင်ရည်စုတ်ထိုး ဤသုံးမျိုးမပိုင်လျှင် နောင်ပြင်ရန် ခက်တဲ့အမျိုး”…. သစ္စာရှိတယ်ထင်တဲ့ လူနောက်လိုက်၊ အချိန်လွန်မှနောင်တရပြီး သစ္စာရှိသူဆီ ပြန်လာတော့ မည်သူက အမှားကိုထပ်ခါထပ်ခါ ကျူးလွန်ချင်တော့မလဲ။ “တစ်ခါသေဖူးလျှင် ပျဉ်ဖိုးကိုနားလည်ရမယ်” ဘယ်လိုလဲ… ကျွန်တော်ဖော်ပြသွားတာနဲ့ဆို ခင်ဗျားတို့နားလည် သဘောပေါက်သင့်ပါပြီး။ ကိုယ့်တစ်ယောက်ထဲ နာကြီးမနေပါနဲ့၊ လူတစ်ယောက်ကို လက်ညိုးတစ်ချောင်းထိုးပြီး ပြောလိုက်တိုင်းမှာ လက်ဆယ်ချောင်းလောက် ခင်ဗျားကို ပြန်ထိုးတက်တယ်ဆိုတာကို သိပြီးမဟုတ်လား။ နာလိုက်ပါ…စိတ်ပါလက်ပါ နာလိုက်စမ်းပါ၊ “အနာပေါ် တုတ်ကျ” လျှင်သေမလောက် ခံစားရတယ်မဟုတ်လား။ ရုရှားကကိုကိုများကို ခင်ဗျားတို့ ကိုယ်ချင်းမစာမနာ ပြောလိုက်တဲ့အတွက် တန်ပြန်သင်ခန်းစာအနေဖြင့် စာမှုလေးတစ်ဆောင် မိတ္တူပေးလိုက်တာပဲ ဖြစ်ပါတယ်။ ဒီထက်ရေးစရာတွေ အများကြီးပဲ နောက်မှာတစ်ခုလတ်က အပျိုလိုဟန်ဆောင်ပြီး အချစ်ကိုဟန်ဆောင်သိမ်းသွင်း၊ ပျော်မွေ့နေတာတွေကို ဖော်ပြလိုက်ရင် ဒီထက်ပိုစိုးမယ်။

နောက်ဆုံးပြောချင်တာက ကိုယ့်ကိုပြောရင် မကြိုက်ပါက၊ သူတပါးကိုလည်း မပြောပါနဲ့။ ကောင်းရင်တော့ ငြိမ်ခံတယ်။ မကောင်းတဲ့အချိန် ထပြီးရန်ဖြစ်တယ်။ မကောင်းကြောင်းကို တစ်လောကလုံးသိအောင် ဝေမျှ။ လူသားအချင်းချင်းကို ခွဲခြားသည့်စနစ် ပျောက်ပျက်စေချင်တယ်။ မြန်မာလူမျိုးအချင်းချင်း သွေးခွဲပြီး၊ ရုရှားကကယောင်္ကျားတွေ၊ အခြားသောနိုင်ငံများကလူတွေက ယောင်္ကျားမဟုတ်ဘူးလို့ မှတ်မယူပါနဲ့။ စိတ်တွေ၊ နိယာမတွေ၊ အသွင်အပြင်လက္ခဏာတွေ ဖွဲ့စည်းတည်ဆောက်ပုံတွေ၊ အသွေးအသားက တောင်းတမှုတွေသည် ယေဘူကျအားဖြင့် အားလုံးတူညီပါတယ်။ ရုရှားမှယောင်္ကျားတွေ အားလုံး ကောင်းသည်ဆိုးသည်ကို ပြောနေခြင်းမဟုတ်။ ဒီလိုပဲ နိုင်ငံခြားက မိန်းကလေးအားလုံး ကောင်းသည်ဆိုးသည် ကိုပြောနေခြင်းလည်း မဟုတ်ပါဘူး။ ဖြစ်တတ်တဲ့လူတွေမှာ သူတို့အတွေ့အကြုံနဲ့သူ ရှိကြတယ်။ တစ်ယောက် မကောင်းတိုင်းသာ အပြစ်ပြောရကြေးဆိုလျှင် ယခုဖော်ပြလိုက်တဲ့ စာမှာသာဓကတွေ ပါပါတယ်။ ဒါဟာလည်း ခင်ဗျားတို့ရေးသလို သာပါစေ၊နာပါစေတော့လို့ မရေးသားပါဘူး။ ကိုယ့်တစ်ယောက်ထဲ အမှန်ကို သိပြီးလူထွင်ကျယ် မလုပ်စေချင်ဘူး။ လောကကြီးမှာ…နေထိုင်တာ အချိန်အားဖြင့်တိုတောင်းတယ်၊ ပြဿနာဆိုတာ ရှိနေမှာပဲ၊ ဒါကိုပုံကြီးချဲ့ပြီး လျှောက်လျှောက်မပြောကြပါနဲ့… ကောင်းတာနှင့်ဆိုးတာ ဒွန်တွဲနေတတ်ကြောင်း ရုရှားရောက်ကိုကိုများအား မလိုမုန်းတီးသူများအတွက် မသိသေးသော အကြောင်းအရာများနှင့်တကွ ကျွန်တော်တို့နှင့်ခင်မင်ရင်းနှီးမှု တွေရှိနေသော နိုင်ငံအသီးသီးမှ အစ်ကိုအစ်မညီငယ်များ အားလုံးအမှန်ကို သိစေရန် ရည်ရွယ်၍ ဖော်ပြရင်းနဲ့ နိဂုန်းချုပ်လိုက်ပါတယ်။ စိတ်ထားမကောင်းသူတွေက ရုရှားရောက်ကိုကိုများ မကောင်းဘူးပြောပြော လက်ရှိတွင် မိတ်ဆွေကောင်း၊ သူငယ်ချင်းကောင်းနှင့် ချစ်သူကောင်းများ၊ ရှိရာနေရာ၊ စစ်တမ်းကောက်ကြည့်လျှင် ရုရှားကကိုကိုများနှင့် မပြတ်မဆဲ သစ္စာရှိနေဆဲနှင့် အခုမှချစ်နေတုန်းသူတွေ အရင်ကထက် ပိုမိုများပြားလာကြောင်း အွန်လိုင်းတွင် စိမ်းနေသော သူများနှင့်ပြောနေသောသူများမှ တဆင့်တိုးတိတ်စွာ ကြားသိရသည်။ သူတို့ပြောတဲ့ အွန်လိုင်း(၁၀)ယောက်မှာ ရုရှားက(၉)ယောက် ရှိနေခြင်းသည် ရုရှားမှ(၉)ယောက်ကို အခြားသော နေရာဒေသမရွှေးမှ ပြောနေသောသူ(၉)ယောက် ရှိနေသောကြောင့်ပင်တည်း။ ရှင်းတယ်နော်….။ တစ်ချို့သူများသည် “အချစ်ကြီး၍ အမျက်ကြီး” ကာ မိမိအပြစ်ကို ဖုံးကွယ်ကာ ရင်ထဲကဆန္ဒကို ခဏထား နာကြီးချက်ဖြင့် ရေးသားနေတာကို တွေ့ရပါသည်။

“လောကတွင် အသက်တစ်ရာမနေရ၊ အမှုတစ်ရာ တွေ့ရတတ် ပါသည်”…. အားလုံးဆင်ခြင်တုံး တရားလေး ထားပြီး ကိုယ့်ဘ၀တိုးတက်ရေးကို ရှေ့ဆက်ကြပါလို့ ထပ်ဆင့်အကြံပေးလိုက်ပါသည်။ သက်ဆိုင်သူများ စိတ်ပါလက်ပါ ဒေါသထွက်နိုင်ပါသည်။ အရမ်းစိတ်တိုခဲ့လျှင်တော့ ဂျောက်ဂျက်သီးချင်းသာ ဆိုပြီးတော့ ပေါက်ကွဲလိုက်ပါ….။ Feel တော့မဖြစ်နဲ့နော်….စိတ်ပူလို့….။
လေးစားစွာဖြင့်
စေလိုရာ
|
This entry was posted on 5:53 AM and is filed under . You can follow any responses to this entry through the RSS 2.0 feed. You can leave a response, or trackback from your own site.

21 comments:

On January 28, 2010 at 4:31 PM , Anonymous said...

ကောင်းတယ်ဗျာ

 
On January 28, 2010 at 4:40 PM , Anonymous said...

ူငိမ်နေအကောင်းသား...ထသွားမှကျိုးမှန်းသိတယ်...ဘာကျိုးတာလဲတော့သားလဲသိဘူးနော်...အဲဒီ မမကလေ ကိုယ့်ဟာကို လှန်ထောင်းတယ်..ဟီဟိ..ဘာကိုဘာနဲ
ထောင်းလဲတော့သားလဲသိဘူးနော်....ဟီဟိ..အဲဒီ မမ သိဖိုကောင်းတယ်ဗျာ..ဘာပဲူဖစ်ူဖစ်
ယေင်္ကျားလေးဆိုတာ on the elephant စဉ်ပေါ်ကလူတွေပါဗျ..ဟဲဟဲ....
သိ၇က်နဲမိုက်တာကတော့ခံပေါ့ဗျာ..လက်ခုပ်၂ဖက်တီးမှမြည်တာဗျ...ဒီလောက်ပါပဲဗျာ..ခုမှပထမဆုံးေ၇းတာမိုလို အမှားပါ၇င်သည်းခံပေုးကပါဗျာ..ကျေးဇူးပါ....

 
On January 29, 2010 at 6:14 AM , Unknown said...

ကောင်းပါတယ်... အရမ်းကျေးဇူးတင်ပါတယ် ။

ဟုတ်ပါတယ်ဗျာ...
တစ်ခုခုဖြစ်တိုင်း...ဘယ်သူက ဘာလုပ်သွားမှန်းမသိ....
နောက်ဆုံးတော့.... ရုရှား .. ရုရှား...နဲ့
အမေကတော့..မှာထားပါတယ် ။
ဘယ်သူ..ဘာပဲမကောင်းတာပြောပြော..
သည်းခံတဲ့... ။ သူ့အာကုသိုလ်နဲ့ သူသွားလိမ့်မယ်တဲ့ ။

ဟိုဟာဆိုလည်း..ရုရှား...
ဒီဟာဆိုလည်း...ရုရှား..နဲ့
သြော်...လူတစ်ချို့ ....လူတစ်ချို့..
တော်တော်အမြင်ကျဉ်းကျတာပဲ.. ။ ကိစ္စတစ်ခုကို..
သေချာ မစူးစမ်း...မစုံစမ်း..စမ်းတ၀ါးဝါးနဲ့...
သူတို့.. မကျေနပ်တိုင်း..အလွတ်ကျက်ထားတဲ့ (ရုရှား)
စကားလုံးလေး တစ်လုံးကို သိပ်ပီ နှိပ်ကွတ်ချင်ကျတာပဲ ။
သနားစရာ.. ( ရုရှား ) စာကားလုံးလေးရယ်.. ။
သူတို့.....သိဒ္ဓိတင်ထားတဲ့..စကားလုံးများ မှတ်နေလားမသိပါဘူး ။

မဟုတ်..မမှန်တာတွေပဲ ဖတ်ဖတ်နေရလို့...
ကျွန်တော်တို့....တကယ်စိတ်မကောင်းပါဘူးဗျာ.. ။
ဒီကလူတွေကလည်း...ဘာမှလည်းမလုပ်လိုက်ရဘူး ။
မဟုတ်တာလုပ်ရင်ရော....ကျန်တဲ့သူတွေက လွှတ်ထားကျမယ်ထင်နေလား ။
ဝိုင်းတားကျမှာပေါ့.. ။ ဘယ်သူက လက်ပိုက်ကြည့်နေမှာတုန်း.. ။

အခုတလော..ပေါ်လာပြန်ပီ...ဗုဒ္ဓဘာသာ မကောင်းကြောင်းရေးတဲ့ဆိုဒ်ကို..
ရုရှားက.. ရေးပါတယ်ဆိုပီ..လုပ်ချလိုက်ပြန်ပီ... ။
http://messengerforbuddhist.blogspot.com/

http://burmatoday.net/news2005/2010/201001/100122_bty_bur_buddhism.swf
မည်သူ.. မည်ဝါ.. မြန်မာလား... မွတ်လား..မစုံးစမ်းတော့ဘူး.. ။
ထပီ..ရန်သုတ်လိုက်ကျပြန်ပီ...။ ဘာတဲ့ ... ( ရုရှား ) ။
ရုရှားရေ..မင်းပဲ မဲပေါက်ပါတယ်ခင်ဗျား... ။ ဟား ဟား... သဘောတော့ ကျနေပီ ။
လူတွေက..ဘယ်လိုမြင်ကျမလဲတော့မသိသေးဘူး.. ။
ယုံတဲ့သူလည်း ရှိချင်ရှိမှာပဲ... ။ ရှိချင်ရှိမှာ မဟုတ်ပါဘူး ။
ရှိကိုရှိမှာ... ။

ကျွန်တော်တို့ အားလုံးက ဗုဒ္ဓဘာသာ မြန်မာလူမျိုးတွေ..ပါ ။
ကုလားတွေ...မွတ်တွေ..ကျွတ်တွေ..ကြွတ်တွေ..မပါဘူးဗျ ။
ကျွန်တော်တို့လည်း...အသိဥာဏ်ရှိသင့်သလောက်ရှိပါတယ်ဗျာ... ။
ကျွန်တော်တို့လည်း..ပုထုဇဉ် လူပဲဗျာ.. ။ ခံစားတတ်တယ် ။
သနားတတ်တယ် ။ ကိုယ်ချင်းစားတတ်ပါတယ်ဗျာ.. ။

ခင်ဗျားတို့ ထင်သလို... မရိုင်းစိုင်းကျပါဘူး... ။
ဘယ်တိုင်းပြည် ၊ ဘယ်လူမျိုး ၊ ဘယ်အဖွဲ့အစည်းမှာမဆို
မကောင်းတာရှိသလို.. ကောင်းတဲ့သူတွေလည်းရှိတယ်ဆိုတာ..
ခင်ဗျားတို့မေ့နေကျသလား... ။ တစ်ယောက်မကောင်းတိုင်းသာ..
ပြောကျစတမ်းဆိုရင်...အချင်းချင်းထသတ်ကျလိမ့်မယ်...ကိုယ့်လူ ။
ရုရှားကသူတွေကတော့... ငါတို့ပြောတာတွေကို ဖတ်ပီ..စပ်စပ်ထိမခံဖြစ်နေမယ်လို့
မထင်လိုက်နဲ့ ကိုယ့်လူ... ရေ..။ ဂရုကိုမစိုက်တာ.. ။ ရှင်းလား..... ။
ခင်ဗျားတို့..မဟုတ်မမှန်တာတွေ...ဖတ်ပီ.. ။ ရယ်လည် ရယ်ချင်တယ် ။
မဟုတ်တာတွေကို...မဟုတ်တာပြောရဲတဲ့သူရော..။
ယုံတဲ့သူကလည်း...မစဉ်းစားပဲ...ယုံလွယ်တာကို..လေးစားမိပါတယ်ဗျာ.. ။
မကောင်းတဲ့ဟာလေးတွေ.. ရှာကြံ လုပ်ဇာတ်ခင်းပီး
ပြောနေလိုက်ကျတာ...မညှာမတာ.. ။
ကောလဟလတွေကို... လူ ( ၁၀ ) လောက်ပြောလိုက်ရင်..
အယုံလွယ်တတ်တဲ့ သူတွေအတွက်တော့...အကြိုက်ပေါ့ဗျာ.. ။
စဉ်းစားပါ... ။ သုံးသပ်ပါ.. ။ မသိရင်..ရုရှားသူတွေကို
ခင်ရာမင်ရာ...မေးကြည့်နိုင်ပါတယ်ဗျာ... ။
မှန်တယ်ဆိုရင်...လက်ခံလိုက်ပါတယ် .. ။
မှားနေတယ်ဆိုရင်...မှားနေပါတယ်လို့.. ရေးတဲ့သူကို..
ပြန်ပြောဖို့ဝန်မလေးကြပါနဲ့ဗျာ.. ။

( ကျေးဇူးတင်ပါတယ်ဗျာ... ။ )
စာလည်းအရမ်းရှည်သွားပီ.. ။
စာထဲမှာ..အမှားပါရင်..ခွင့်လွှတ်ပါ.. ။ စေတနာ နဲ့ပါ.. ။

 
On January 29, 2010 at 2:57 PM , ကဗျာချစ်သူ said...

သူငယ်ချင်းရေးတဲ့ Post လေး ကောင်းပါတယ်
အဓိကကတော့ဗျာ ကိုယ်ထမင်းကိုယ်စား..ကိုယ်အလုပ်ကိုလုပ်ရင
်ဘာမှ မဖြစ်ကြဘူးဗျ ....တခုခုဖြစ်တိုင်း ရုရှားက ဆိုတာတော့ ဘယ်ကောင်းမလဲဗျာ.. မဆီမဆိုင်တဲ့သူတွေပါ
နစ်နာရတယ် ..အခုလို Post တစ်စောင်တင်ပြီး သူ့ဘက်ကိုယ်ဘက် နာလည်အောင် ဆွေးနွေးသွားတဲ့ သူငယ်ချင်းကို ကျေးဇူးတင်ပါတယ်ခင်ဗျာ............z@wko

 
On January 29, 2010 at 4:15 PM , mgkachin said...

အခုလိုရေးလိုက်တာကောင်းပါတယ်
သည်လိုစားလည်းသူတို့ပို့သလို forward mail လေးပို့ဖို့
သူတို့နည်းနဲ့ သူတို့လိုပဲပြန်ပို့သင့်ပါတယ်လို့ထင်တယ် ကိုကလည်းသူ့စာကိုဖတ်ပြီးတင်ဆိုရင် ကိုယ်ရေးတဲ့စာလည်း သူဖတ်နိုင်ရမှာပေါ့မဟုတ်ဘူးလား ကိုယ်တောင်သူစာ ဖတ်ပြီး တော့ သူများဆီကိုပို့နိုင်ရင် တရားသဖြင့်သည်စာကို ဖတ်ပြီး၇င်လည်း ကိုယ့်ပို့ခဲ့တဲ့သူဆီကို ပို့ပေးမှာ အမှန်တရား ဖြစ်မယ်လို့ ယုံကြည့်ပါတယ် မိမိလုပ်ခဲ့ တဲ့အမူ အတိုင်းမိမိဆောင်ရွတ် ပေးကြပါလို့ ရှရှားကိုကို..လိုတစ်ယောက်အနေနဲ့ မြန်မာက မမလေးများကိုတောင်းဆိုလိုက်ပါတယ် ..........

 
On January 29, 2010 at 10:26 PM , Unknown said...

its really nice post...what u have written here is quite true...there r many nice ppl out there...cant put the blame on everyone..

 
On January 29, 2010 at 11:05 PM , kyaw said...

what r u writing ? How to understand .Stupid post

 
On January 29, 2010 at 11:25 PM , Unknown said...

From my point of view, wherever we are now, we did come from the same country, we speak same language. And we drink the same water to grow up. In another way, we have the same blood in our vein. So instead of fighing for the country we don't belong to, I think it's better to fight for our country.

 
On January 30, 2010 at 4:45 AM , netsoe said...

ကိုလည်းမင်းနဲံ ညီအစ်ကို ပါပဲ သိတယ်နော် ဒါဆို
မိုက်တယ်ကွာ
အားပေးနေမယ်
ဟုတ်တယ် လူပေါ်မှာပဲမှုတည်တာကို ဘာလို့ russia russia လို့အော်နေလဲ မသိကြဘူး ကြည့်၇တာ သူမ၇လို့ ထင်တယ်
ပေးလိုက်ကြပါကွာ ဟဟဟဟဟဟဟဟ

 
On January 30, 2010 at 6:47 AM , လှိုင်းမေတ္တာ said...

mg အားပေးပါတယ်..ဆက်လက်ပြီးလည်း ရေးသားဖော်ပြပေးပါ

 
On January 30, 2010 at 9:23 AM , moscowboy said...

ကောင်းတယ်ကွာ သူငယ်ချင်း
မင်းရေးလိုက်တဲ့စာသားတွေက အမှန်အကန်တွေကြီးဘဲ
ဘာလို့များ ငါးခုံးမတစ်ကောင်ကြောင့် တစ်လှေလုံးပုတ်ပါတယ်ဆိုပီးပြောချင်နေလည်းမသိဘူး

 
On January 30, 2010 at 10:05 AM , Unknown said...

တော်တော်လေးကောင်းပါတယ်ဗျာ။ အစွန်းလွတ်အောင်ရေးနိုင်တယ် အရေးအသားကို ချီးကျူးပါတယ်ဗျာ။ ဘယ်သူတွေ ဘာပြောပြော ကိုယ်ကောင်းအောင်နေရင် ကိုယ့်အတွက်ရလဒ်ကလည်း ကောင်းလာမှာပါဗျာ။ အချိန်တန်ရင်တော့ ဘယ်သူတွေ မှားပြီး ဘယ်သူတွေ မှန်တယ်ဆိုတာ သိမှာပါ။ တော်တော်များများက ရုရှားရောက်စစ်ဗိုလ်တွေက စစိစည်းကမ်းနဲ့ နေရတော့ မိန်းကလေးဘက်က တိုင်လိုက်မယ်ဆိုတာလောက်နဲ့  အကျပ်ကိုင်လို့ ရတယ် ဆိုပြီး အခွင့်အရေးကို တလွဲ ယူနေကြတယ်ဗျာ။ စိတ်ထားလေးတွေ မှန်အောင် ထားတတ်ကြရင်ကောင်းမယ်။ လေးစားလျက်ပါ စေလိုရာ ရေ.........

 
On January 30, 2010 at 11:46 AM , Unknown said...

www.burmatoday.net ကသတင်းတစ်ပုဒ်အတွက် $ ဘယ်လောက်ရလဲတော့မသိဘူး.. မုသာဝါဒကို အလုံးလိုက်အခဲလိုက်အန်ထုတ်ထားတာပဲ...သောက်ရေးမပါတဲ့ ဗုဒ္ဓဘာသာ လူမျိုးအချင်းချင်း အပြစ်တင်နေမဲ့အစား အဲဒီဘလောဂ့်အကြောင်းကို ဖော်ပြပြီး ဗုဒ္ဓဘာသာတွေစည်းလုံးလာအောင် ဖော်ပြပါလား....နိုင်ငံရေးကိုခုတုံးလုပ်ပြီး ပိုက်ဆံရှာတာလဲရှာပေါ့..ဒါပေမဲ့ ဘာသာရေးကိုပါခုတုံးလုပ်လာရင်တော့မကောင်းတော့ဘူး... အဲဒီဆိုက်ဒ် က admin တွေ ငရဲမကျပါစေနဲ့လို့ပဲဆုတောင်းပေးပါတယ်..

 
On January 30, 2010 at 12:12 PM , wintheinoo said...
This comment has been removed by the author.
 
On January 31, 2010 at 12:18 AM , Unknown said...

သက်ရောက်မှုတိုင်းမှာ တန်ပြန်သက်ရောက်မှုရှိတယ်ဆိုတာ သဘာဝရဲ့သဘောတရားတစ်ခုပါ ပါးရိုက်ရင်တော့နားကိုက်ကျမှာပါပဲ
ဘယ်သူတရားပျက်ပျက် ကိုယ်တရားမပျက်နဲ့  ဘယ်သူအမုန်းဖက်ဖက် ကိုယ်အမုန်းမဖက် ပြုံးလျှက်နေဖို့ ဆိုတာကတော့ ပုထုစဉ်လူသားများဖြစ်တဲ့အတွက် ကျနော်တို့ လည်း အဲလောက်မတတ်နိုင်သေးဘူး (သူရေးလို့  ကိုယ်ပြန်ရေးတာဖြစ်သင့်တယ်လို့ ဆိုလိုချင်တာပါ၊ပြောချင်တာပါ)ကြုံတုန်းလည်းပြောချင်ပါရဲ့
(ရုရှားရောက်ပြည်ချစ်သားများ၏ အချစ်ဇတ်လမ်းများ)ဆိုတာကိုရေးတဲ့..
ဖွေးဆိုလား နွေးဆိုလား အဲတဲ့ကောင်မလေးကိုလည်း ဘယ်လောက်သိ၊ဘယ်လောက်တတ်၊ဘယ်လောက်ထိကိုယ်ချင်းစာတရားပါးစပ်မှာချိတ်ဆွဲထားလဲဆိုတာ စကားဖလှယ်ကြည့်ချင်ပါသေးတယ်...(ပညာယူရတာပေါ့)
အပိုလုပ်တွေဆိုပေမဲ့ အလုပ်ပိုချင်ပိုပါစေ လုပ်ချင်ပါသေးတယ်..
***မဆိုင်တဲ့ခေါင်းလောင်းကိုသွားမထိုးနဲ့ ကုသိုလ်ရမှာမဟုတ်ဘူး မနွေးရေ***..မေးလ်ထည့်မပေးတော့ဘူး(အပိုလုပ်တွေမို့ လို့ ) မနွေး..

 
On January 31, 2010 at 5:18 AM , Unknown said...

ရေးထားတာတော့ကောင်းပါတယ်လူဆိုတာကဒီလိုပါပဲ
ဘယ်သူတွေဘာပြောပြောကိုယ်ကောင်းအောင်နေဖို့ပဲလိုအပ်ပါတယ်
ဒီစာကိုဖတ်ရတော့ရှောင်ရန်ဆောင်ရန်တွေသိရတာပေါ့

 
On January 31, 2010 at 9:43 AM , minkha said...

mamyaseinn@gmail.com စစ်ဗိုလ်တွေအတွက်အချိန်မရှိပါ...(စစ်ဗိုလ်များအင်ဘိုက်(စ်)လုပ်ခြင်းသီးခံပါ...)ဒီလိုတင်ထားတယ်ဗျာ .......ဘယ်လိုလုပ်ကြမလည်းးးးကျနော်လည်းတတ်နိုင်သလောက်ရှင်းပြတယ် ဗျာ မရဘူးကန်တက်နေတယ်။ဘလော.ပေးလိုက်တယ် အဲမိန်းမဦးနှောက်ကောကောင်းလားမသိဘူး ကောင်းကောင်းလေးပညာပေးမှရမယ်...... မကောင်းတဲ.လူတစ်ယောက်အတွက် အကုန်သိမ်းကြုံးရမ်းတာတော.မခံနိုင်ဘူး။ ဦးနှောက်မရှိတဲ.မိန်းမတွေအတွက် ......ကောင်တဲ.လူတွေကိုမဆိုလိုပါဘူးဗျာ........စကားပြောတာခပ်ပေါပေါတွေပေါ. ....... ပညာပေးဖို.တော.လိုအပ်နေပြီ

 
On January 31, 2010 at 9:46 AM , Unknown said...

လူ့ဘ၀ တရားရစရာပါပဲဗျာ။စေတနာမကောင်းတော့ အကျိုးပေးမကောင်းတာနိုင်သလို၊စေတနာကောင်းရင်လဲအကျိုးပေးကောင်းပါလိမ်မယ်။ဘာလို့လဲဆိုတော့ ကျနော်တို့က ဗုဓ္ဒဘာသာတွေပါ ကံ ကံ၏အကျိုးကို ယုံကြည်တဲ့ သူတွေပါ။ကံဆိုတာအလုပ် လို့ခံယူတဲ့ သူတွေအတွက်လဲ ကောင်းသောအလုပ် လုပ်ရငှ်ကောင်းတာဖြစ်မှာပဲ ဒီတော့ကောင်းသောအလုပ်ပဲလုပ်ကျပါ။အကြောင်၊အကျိုးဆက်ပြီးဖြစ်ပေါ်နေတဲ့ ဒီလောကကြီးမှာ ကြောင်းကျိုးညီညွတ်စွာမနေတတ်တော အပြောခံလက်ညှိုးထိုးခံ ရမယ်ဆိုတာလဲ။သင်ခန်းစာယူမိပါတယ်။ကောင်းပါတယ် အကိုရေးထားတာ
သူ့ဘက်ကို့ဘက်မျှမျှတတပါပဲ။

 
On February 1, 2010 at 5:14 AM , hst said...

တကယ်ကျေးဇူးတင်မိပါတယ် ဗျာ ကိုစေလိုရာ ရယ် ...ရင်ထဲ ကိုရောက်အောင်ပို့ပေးလိုက်တဲ့ဒီစာသားတွေကို ရေးတဲ့ ကို စေလိုရာလက်တွေကို ရွှေချထားလိုက်ဦးမယ်ဗျို့ .... လက်ခံပါလို့ မည်သူကိုမှ မတိုက်တွန်းပါဘူး ဦးနှောက်ရှိသူတိုင်း တွေးတတ်ခေါ်တတ် ပြီးရင်ဝေဖန်သုံးသပ် ပြီးမှားလားမှန်လား ခွဲခြားနိုင်ကြမှာပါ...ဒီနေရာကိုရောက်လို့ဒီစာ ဖတ်တဲ့သူတစ်ယောက်က အနည်းဆုံးတော့ တက္ကသိုလ်ဝင်တန်းကို ဖြေလို့ အောင်ပြီးသားတွေချည်းပါ ..ကိုယ်ပိုင်အသိတွေနဲ့ ဦးနှောက်တစ်လုံးကို ကောင်ကောင်းအသုံးချဖို့ လုပ်နေကြတဲ့ သူတွေချည်းပါ.... တွေးပါစဉ်းစားပါ မှားလားမှန်လား ဝေဖန်ပါ .... ကျွန်တော်ကတော့ ကြိုက်တယ်ဗျာ ..တကယ်ကျွန်တော်တို့လို လူတွေ အတွက် ဒီစာတွေက တကယ်ကို တန်ဖိုးရှိတာ ဗျ ...ပါးစပ်လည်းမလှုပ် လက်လည်းမလှု့ပ်ရပဲ ..တုတ်ရှည်ရှည်နဲ့ ၇မ်းတာကို ခံရပေါင်းများနေပြီ....နေရာတိုင်းမှာ ကောင်းတာမကောင်းတာ က အမြဲ ဒွန်တွဲပြီးတည်ရှိနေတာပဲလေ ..မကောင်းဘူးပြောရလောက်အောင်လည်းဘာတွေသိလို့ ပြောနေကြတာလဲ ကိုစေလိုရာပြောသလိုပေါ့ ....ဒါပေမယ့် ပိတိပေါ့ အားလုံးအတွက် ကိုစေလိုရာလဲ ပိတိတွေစားပြီးအားရှိနေပြီထင်ပါတယ် နောက်တောင်ကျသွားတယ် ဗျာ သိလိုက်တာ ....လေးစားလျှက်ပါ ကိုယ့်ဦးနှောက်ကို တောင် ကိုယ်အပြစ်တင်မိတယ် ဘာကြောင့်များဒီလောက် ကောင်းတဲ့စာသားတွေကို မတွေးနိုင်တာလဲလို့ .... အမြဲ ဘေးကနေ အားပေးလျှက်ပါ ......တို့ညီ အကိုတွေ လက်တွဲ ညီညီပေါ့ ရှေ့သို ချည်းပဲ ......

 
On February 3, 2010 at 11:59 AM , Unknown said...

ကောင်းတယ် ငါ့ညီရေ...လုပ်ထားကွာ ...
အရေးအသားကတော့ ဆရာတင်(နန်းတော်ရှေ့)လား မှတ်ရတယ် ...
ဝိနည်းလွတ်လေးရေးသွားတာ ကောင်းတယ်ကွာ ...
နွေးကို တခုတော့ပြောလိုက်ချင်ပါတယ်။
ရုရှားနဲ့ လွတ်အောင်နေပါ လို့။
Personal Detail တွေပါ ဘလော့ခ်ပေါ်ရောက်လာတာ မြင်ချင်ရင်
ဆက်လက်ရေးပါ :)

 
On February 17, 2010 at 11:29 PM , twinkle stars said...

မိုက်တယ်....ရေးထားတာရေလည်လန်းတယ်ဂျာ
နောက်လဲ အဲ့လိုဖီလော်လေးဒွေတင်ဗာအုံးဂျို့....
ဟီး.... တီချင်းက လမ်းဆုံရီးတင်ထားဒယ်.. အဲ့တီချင်းက နိုချင်စရာကောင်းဒယ်ဂျာ....နားထောင်ရင် ဂွမ်းချရာရီး....
anyway.... ပို့စ်မိုက်၂တွေ တင်ပေးပါဗျို့....

p.s. commentsပေးထားတာ အကုန်bro;တွေချည်းဖဲ အနော်လဲ အားကျလို့ဝင်ဗြဲ.. တာ.... လွန်တာချိ ၀န္ဒာမိ..ဗျို့....။ ^^^^

 

ဇာတိမာန်